မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းသို့ ကွင်းဆင်း ကြည့်ရှု

မကွေး    ၁၅  ဇန်နဝါရီ    

 

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်နှင့် ပြည်သူလူထု၏ ပူးပေါင်းအင်အားဖြင့် ပထမအကြိမ်အဖြစ် ကျင်းပမည့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစား ဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံလမ်းရှိ မကွေး FC ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းသို့ ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

2

 

မြင်းစီးအားကစား ပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အား မကွေး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မကွေးတိုင်းမြင်းစီးအသင်း ဥက္ကဋ္ဌတို့က မြင်းပြိုင်ကွင်းလုပ်ငန်းများနှင့် မြင်းပြိုင်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

3

 

ပထမအကြိမ်ပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းအတွင်း မြင်းပြိုင်ကွင်း၊မြင်းပြေးလမ်းပြင်ဆင်မှုများ အား မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မကွေးတိုင်းမြင်းစီးအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များက ဝိုင်းဝန်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါပြိုင်ပွဲတွင် ဒုန်းအကြီးတန်း၊ ဒုန်းအလတ်တန်း၊ ဒုန်းအငယ်တန်း၊ အသားကျစီးပြိုင်ပွဲများနှင့် မြင်းစီးစွမ်းရည်သရုပ်ပြပွဲ၊ အလှပြပွဲ ပွဲစဉ်များ ပါဝင်ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)