မကွေးတိုင်းဒေသကြီး၌ ငါးနှစ်အတွင်း ငွေကျပ်သန်းတစ်သောင်းကျော်အသုံးပြု၍ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့

မကွေး၊  ၂၃  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၅ နှစ်အတွင်း ရေရရှိရေးလုပ်ငန်းများကို ငွေကျပ် သန်းတစ်သောင်းကျော် အသုံးပြုဆောင်ရွက်ပေးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး ထံမှ သိရသည်။

 

ကျေးလက်ရေရရှိရေးလုပ်ငန်း (၈၀ဝ)ခုအတွက် ငွေကျပ်သန်း ၁၀၆၀ဝ ကျော်အသုံးပြုကာ အိမ်ထောင်စုပေါင်း  (၁၂၃၀ဝ၀)ကျော်နှင့် လူဦးရေ ၅၈၉၀ဝ၀ ကျော်ကို အကျိုးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟု ပြည်နယ်ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့ တရားဝင်တင်ပြထားသည်။

 

“ကျေးလက်ရေရရှိရေးဟာ အရေးကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးက အပူပိုင်းဒေသဖြစ်တာ ကြောင့် နွေကာလရေမပြတ်အောင် လုပ်ဆောင်နေရတာပါ။ ပြည်သူတွေရဲ့လိုအပ်ချက်ကို ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး ဆက်လက်ဖြည့်ဆည်းပေးနေပါတယ် ” ဟု ဝန်ကြီး ဦးဝင်းမော်ဌေး က ဆိုသည်။

 

ရေရှားသည်ဟု သတင်းရရှိသည့် ကျေးလက်ဒေသများသို့ ကွင်းဆင်းကြည့်ရှုကာ ရေတွင်း(သို့မဟုတ်) ရေကန် တူးဖော်ပေးသင့်သည့် အခြေအနေကို စစ်ဆေးပေးနေကြောင်း၊ ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်များ ရရှိရန်တင်ပြကာ ဒေသခံများ၏ဆန္ဒနှင့်အညီ ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် နေကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် က ပြောသည်။

 

၂၀၂၁ ခုနှစ် နွေရာသီတွင် မကွေးတိုင်းဒေသကြီး၌ ရေရှားနိုင်သည့် ကျေးလက်နေရာ (၃၀)ခန့်ရှိပြီး စက်ရေတွင်းနက် ၆၇ တွင်းကို ငွေကျပ်သန်း ၂၇၀ဝ ကျော် အသုံးပြုတူးဖော်သွားမည်ဖြစ်ကြောင်း၊  အရေးပေါ်ရေထောက်ပံ့နိုင်ရေး အတွက်  ဌာနပိုင်ရေသန့်စစ်ထုတ်နိုင်သည့် ကားများအသုံးပြုသွားမည့်အပြင် အလှူရှင်များနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)