မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးအတွက် ဌာန၊ပုဂ္ဂလိက၊တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာဆွေးနွေးပွဲကျင်းပ

နေပြည်တော်  မတ် ၂၈

မကွေးတိုင်းဒေသကြီး ၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး နည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မကွေးမြို့တော်ခန်းမ ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သုတေသီပညာရှင်များ၊ တိုင်း ခရိုင် မြို့နယ်အဆင့် လယ်ယာ ကဏ္ဍဆိုင်ရာတာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ပြည်တွင်း စားသုံးဆီဖူ လုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကိုအားပေးမြှင့်တင်ပြီး ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်မှုမှသည် ပြည်ပသို့ စားသုံးဆီ တင်ပို့ နိုင်သည် အထိမျှော်မှန်းပြီး မျိုး၊မြေ၊ရေ၊နည်းပညာ စသည့်လိုအပ်ချက်များစနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တချိန်တည်းတွင် လယ်ယာကဏ္ဍ၏ သီးနှံထုတ်လုပ်မှု မြင့်မားရေး၊ အရည်အသွေး ကောင်းမွန် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်း သေချာသည့် ခိုင်မာသော ဈေးကွက်များ ရရှိနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ပြည့်မီစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဇုန်အလိုက်စိုက်ပျိုးမည့် စီမံချက်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်ပြီး ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ရေမြေသဘာဝအခြေခံနှင့် အခွင့်အလမ်းများ၊ အခြေအနေ ကောင်းများ ရှိနေသည့် အတွက် ယနေ့ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံ လုပ်ငန်းရှင် များ အနေဖြင့် တောင်သူများ အကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ရှေးရှုပြီး အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက် နေမှုများ၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသ၏ လယ်ယာစီးပွားရေး ဖွံ့ဖြိုးမှု အခွင့်အလမ်းများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြေပဲ၊ နှမ်း၊ နေကြာ စိုက်တောင်သူများက ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို တင်ပြကြရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက  သက်ဆိုင်ရာ ကဏ္ဍများအလိုက်ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးသုတေသဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့မှ သုတေသီများ၊ ပညာရှင်များ က ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ သုံးသပ်ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေးလျာထားရာ၌ တစ်နိုင်ငံလုံးရှိ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ဧရိယာ၏ (၃၈) ရာခိုင်နှုန်းဖြစ်သော ဧက(၃)သန်းတွင် မြေပဲ တစ်ဧက(၅၆)တင်းနှုန်း၊ နှမ်း တစ်ဧက (၁၂)တင်းနှုန်း ၊ နေကြာ တစ်ဧက (၂၅)တင်းနှုန်း အထွက်ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အထူးဇုန်များအဖြစ် တိုင်းဒေသကြီး ပြည်နယ်(၇)ခု တွင် ဇုန်(၁၂)ခု သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ဧက စုစုပေါင်း ဧက (၂၃)သိန်းကျော် စိုက်ပျိုးလျက်ရှိသည့်   မကွေးတိုင်း ဒေသကြီး၌ စိုက်ပျိုးရေသေချာပြီး ဆီထွက်သီးနှံဖြစ်ထွန်းမှု အလားအလာကောင်းသည့် ဧက(၁၃)သိန်း (၄)သောင်း ကျော်တွင် အထူးဇုန်(၂)ခု သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်