မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိ ကုသဆောင်ရွက်ရန် အဆောင်များအား ကြည်ရှုစစ်ဆေး

မကွေး ဇူလိုင် ၁၉

 

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များနှင့် ဌာဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့လူနာများ ထားရှိကုသနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် မကွေးမြို့ အခြေခံ ကျန်းမာရေးတက္ကသိုလ်သို့ ရောက်ရှိကာ ကိုဗစ်လူနာများအတွက်  ခုတင်၊ စောင်၊ ခေါင်းအုံးနှင့်  အသုံးအဆောင် ပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ သောက်သုံးရေနှင့် မီးရရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်များသည်  ကိုဗစ်-၁၉ လူနာများထားရှိသည့် အဆောင်ဝန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သန့်ရှင်းရေး လုပ်ဆောင် နေမှုအား ကြည့်ရှုအားပေးကာ ကျွေးမွေးဧည့်ခံနိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

မကွေးမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ Quarantine Center များအဖြစ် မကွေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ တိုင်းဒေသကြီး ဖူဆယ်အားကစားရုံ၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့တွင် ပိုးတွေ့သူများနှင့် သံသယလူနာများ ထားရှိရန် ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး မကွေးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက မကွေးမြို့ သီတဂူမျက်စိဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ နေ့စဉ် နံနက် ၁၀ နာရီမှစ၍ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး၊ အရေးကြီး လူနာများအား မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး တိုးချဲ့ (၅) ဆောင်တွင် စနစ်တကျ ကုသပေးလျက်ရှိကြောင်း နှင့် အရေးပေါ် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Call Center များ ဖွင့်လှစ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)