မကွေးတိုင်းဒေသကြီးအတွင်း ရေနံနှင့် ကျောက်မီးသွေးလုပ်ငန်းများမှ လေးနှစ်အတွင်း ဝန်ဆောင်ခ ကျပ်သန်းပေါင်း ၂၇၀၀၀ ကျော်ရရှိ

မကွေး ၃၁  ဇူလိုင်        

မကွေးတိုင်းဒေသကြီးအတွင်း တရားဝင်ခွင့်ပြုထားသော ရေနံနှင့် ကျောက်မီးသွေးလုပ်ကွက်များမှ သယ်ဆောင် ခွင့်လက်မှတ် (Transport Pass) ဝန်ဆောင်ခများကို ဥပဒေနှင့်အညီ ကောက်ခံခဲ့ပြီး လေးနှစ်တာကာလအတွင်း ကျပ်သန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော် (၂၇၁၉၅ ဒသမ ၉၆၂ သန်း) ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရေနံစည်ပေါင်း ၆၃ သိန်းခန့် (၆၂၈၂၄၆၅ စည်) နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျောက်မီးသွေးတန်ပေါင်း ၂ သိန်းကျော် (၂၁၂၇၆၉ တန်) ကို တိုင်းအစိုးရက သယ်ဆောင်ခွင့်ပြုခဲ့ပြီး အခွန်ငွေများရရှိခဲ့ခြင်းဖြစ်သည်။

 

“တရားဝင်သယ်ဆောင်ခွင့်တွေအတွက် မျှောထုတ်ပေးတာတွေရှိပါတယ်။ အခွန်ကောက်တာ ဥပဒေနဲ့ ညီရဲ့လားဆိုတာ ဥပဒေချုပ်နဲ့တိုင်ပင်ပြီး ကောက်ခွင့်ရှိတာကြောင့် ကောက်ခံခဲ့ပါတယ်။ ရေနံလက်ယက်တွင်းတိမ်နဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်က စာရင်းရှိတဲ့ ကျပ်သန်း ၇၀၀၀ ကျော်ထဲက ငွေနဲ့ပစ္စည်း သန်း ၃၀၀၀ ကျော်ကိုလည်း ပြန်ရခဲ့ပါတယ်။ ကျန်ငွေတွေကတော့ သူတို့ ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာကို ငွေစာရင်းပြခဲ့တယ်” ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ပြောသည်။

 

ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တိုင်းအစိုးရက ၂၀၁၆ ခုနှစ် ဇွန်လ ၂ရက်နေ့မှစ၍ ဂါလံ(၅၀)ပါ ရေနံ တစ်စည်ကို သုံးထောင်ကျပ်နှုန်းဖြင့် Transport Pass ခ ကောက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကျပ် ငါးထောင်အဖြစ် ပြောင်းလဲကောက်ခံခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်နေ့အထိ ငွေကျပ် ၂၆၅၅၇ သန်းကျော် ရရှိခဲ့သည်။

 

“ခွင့်ပြုထားတဲ့ လုပ်ကွက် ၁၅ ကွက်က လုပ်ငန်းရှင်တွေဆီကပဲ ကောက်ပါတယ်။ တရားမဝင်တူးတဲ့ သူတွေဆီက အခွန်ကောက်တာ မရှိပါဘူး။ တင်ပြလာတဲ့ သယ်ဆောင်ခွင့်မျှောတွေကို တရားဝင်လုပ်ကွက်ရတဲ့ သူတွေရဲ့နာမည်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်ပါမှ စီစစ်ထုတ်ပေးပါတယ်” ဟု သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ရှင်းပြသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ဓာတ်သတ္တု ထုတ်လုပ်နှင့် စမ်းသပ်တိုင်းတာခွင့်ကို ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကုမ္ပဏီအဖွဲ့အစည်း(၃၂)ခုသို့ လုပ်ကွက်(၄၂)ကွက်၊ မကွေးတိုင်း ဓာတ်သတ္တုလုပ်ကွက် စိစစ်ချထားရေးအဖွဲ့မှ (၆)ကွက် ချပေးထားပြီး သယ်ဆောင်ခအဖြစ် ကျောက်မီးသွေး တစ်တန်လျှင် သုံးထောင် ကျပ်နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ(၁)ရက်နေ့မှ ကောက်ခံခဲ့ရာ ငွေကျပ် ၆၃၈ သန်းကျော် ရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ဇေယျတု(မကွေး)