မကွေးတိုင်းဒေသကြီးအတွင်း လူဦးရေအားလုံးအတွက် စားသုံးဆီ(၈၇၂)တန် ထောက်ပံ့မည်

မကွေး   ၂၀   သြဂုတ်    

 

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း တိုင်းဒေသကြီးမှ လူဦးရေ အားလုံးအတွက် စားသုံးဆီ (၈၇၂) တန် ရရှိပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက သိရသည်။

 

mdn

 

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက ကိုဗစ်-၁၉ အရေးပေါ် ကာလအတွင်းမှာ နိုင်ငံတော်က ပြည်သူတွေအတွက် ဆန်နဲ့ဆီ ထောက်ပံပေးမှာဖြစ်ပြီး လောလောဆယ် မကွေးတိုင်းအတွက် စားသုံးဆီ ၈၇၂ တန် ခွဲတမ်းရရှိတာဖြစ်တယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ COVID-19 အရေးပေါ်ကာလအတွင်းမှာ ပြည်သူ တွေအတွက် ရိက္ခာပြတ်လတ်မှုမရှိအောင် အရန်ဆန်နဲ့စားသုံးဆီတွေ ဝယ်ယူသိုလှောင်ထားတာ ဖြစ်တယ်ဟု ပြောသည်။

 

မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့နှစ်စာရင်းတွေအရ လူဦးရေ ၃ ဒသမ ၉ သန်းရှိပြီး ယခုနှစ်မှာ လူဦးရေ ၄ သန်းခန့်ရှိနေတဲ့အတွက် ယခင်နှစ်စာရင်းအတိုင်း ရရှိတဲ့ခွဲတမ်းကို ၄ သန်းနဲ့ မျှအောင်လို့ တစ်ဦးကို စားအုန်းဆီ ၁၂ ကျပ်သားခန့် ပေးနိုင်မယ်လို့ဆိုသည်။

 

အဆိုပါ ပစ္စည်းများ သိုလှောင်ထားရှိသည့် နေရာအား သဘာဝဘေးဒဏ် ကင်းဝေးစေရေး အတွက် ဝန်ထမ်းများကို တာဝန်ချထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြကာ ဗဟိုက ညွှန်ကြားချက် ရတာနဲ့ ချက်ချင်းဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)