မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထောက်ရှာပင်/ကမ်းနီရေနံမြေနှင့် ထိစပ်ကျေးရွာများ၌ ဆောင်ရွက်ပြီးစီးခဲ့သည့် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မင်းဘူး ၄ နိုဝင်ဘာ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (Corporate Social Responsibility) (CSR) အစီအစဉ်ဖြင့် ထောက်ရှာပင်/ ကမ်းနီရေနံမြေနှင့် ထိစပ်ကျေးရွာများ၌ ဆောင်ရွက်ပြီးစီးခဲ့သည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုအထောက်အကူပြုကဏ္ဍနှင့် အခြား ကဏ္ဍတို့မှ လုပ်ငန်းများအား သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ထောက်ရှာပင်/ ကမ်းနီရေနံမြေ၊ ရွှေရောင်တော် အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဉီးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချူပ် ဒေါက်တာအောင် မိုးညိုက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ သံယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဉီးမြင့်ဇော်က ထောက်ရှာပင်/ ကမ်းနီရေနံမြေမှ (CSR) အစီအစဉ်ဖြင့် ထိစပ်ကျေးရွာများသို့ ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ထောက်ရှာပင်/ ကမ်းနီရေနံမြေမှ အထွေထွေမန်နေဂျာ ဉီးညွန့်နိုင်က ရေနံမြေနှင့် ထိစပ်ကျေးရွာများ၌ (CSR) အစီအစဉ်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဉီးမြင့်ဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ (CSR) အစီအစဉ်ဖြင့် ကူညီပံ့ပိုးပေးခဲ့သည့်  Transformer နှင့် ဆက်စပ် ပစ္စည်းများ၊ RC (တစ်)ထပ်ကျောင်းဆောင်၊ ဆေးရုံးသုံးပစ္စည်းများ၊ ကျောင်းသုံးပရိဘောဂများ၊ သိပ္ပံခန်းသုံး ပစ္စည်းများကို သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အသီးသီး ပေးအပ်လွှဲပြောင်းခဲ့ကြောင်း သိရသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု(CSR) အစီအစဉ်ဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် လုပ်ငန်းများမှ ပညာရေးကဏ္ဍအတွက် ၇၈၉.၄၀၈ သိန်း၊ ကျန်းမာရေးကဏ္ဍအတွက် ၁၄၅.၉၁၀ သိန်းနှင့် လူမှုအထောက်အကူပြုကဏ္ဍအတွက် ၁၉၇၂.၁၉၈ သိန်းနှင့် အခြား ကဏ္ဍအတွက် ၁၂.၈၂၃ သိန်း စုစုပေါင်း ၂၉၂၀ ဒသမ ၃၃၉ သိန်း ကူညီပံ့ပိုးပေးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လူမှုရေးတာဝန်သိမှု(CSR) အစီအစဉ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ ကျပ်သိန်းပေါင်း (၁၂၆၀၉) သိန်းကျော် ကူညီပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)