မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ကျေးရွာနေပြည်သူများအား ဥပဒေဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းများအား လာရောက်ပညာပေးဆွေးနွေး

ပွင့်ဖြူ ၁၈ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညိုညိုလှိုင် ဦးဆောင်သော ဥပဒေအထောက်အကူပေးရေး အဖွဲ့ဝင်များသည် ကျေးရွာနေပြည်သူများ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေဆိုင်ရာ အကြောင်းအရာများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ ရောင်ခြည်သစ်စာကြည့်တိုက်တွင် ကျေးရွာနေပြည်သူများအား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများကို လာရောက်ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

 

ဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောရာတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညိုညိုလှိုင်က ပညာပေးဆွေးနွေးပွဲ လာရောက်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူး ဒေါ်သင်းသင်းနိုင်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ၏ ရည်ရွယ်ချက်နှင့် အခြေခံလုပ်ငန်းစဉ် မူဝါဒများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ဥပဒေဆိုင်ရာအထောက်အကူ တောင်းခံခွင့်ရှိသူများအကြောင်းနှင့် သိရှိလိုက်နာရမည့် အချက်များကို လည်းကောင်း၊ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများအား ဆင်းရဲနွမ်းပါးသူအဖြစ် မှတ်ယူရမည့်အချက်များနှင့် ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်သည့် မူဝါဒများကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က လယ်ယာမြေမူဝါဒနှင့် စပ်လျဉ်းသည့် ဥပဒေဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဒေါ်နော်အဲလာဂါးရက်နှင့် ဦးစီးအရာရှိ ဒေါ်သဲစုလှိုင်ထွန်းတို့က ရုံးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘတ်ဂျတ်ဆိုင်ရာများ၊ တိုင်းကြားစာ လက်ခံခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ ကူညီဖြေရှင်းဆောင်ရွက်ပေးသည့် ဥပဒေဆိုင်ရာလုပ်ထုံး၊ လုပ်နည်းများကို လည်းကောင်း ကဏ္ဍအလိုက် အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။

 

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ဟောပြောသည့် ဥပဒေဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညိုညိုလှိုင်နှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကူညီဖြေရှင်းပေးသည့် ဥပဒေဆိုင်ရာ အကြောင်းအရာများပါဝင်သည့် ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)