မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

----------------------------------

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်

လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။

ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်အောက် (၂)ဒီဂရီစင်တီ ဂရိတ်လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ် အထိနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ထက် (၆)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့သည်။

ထူးခြားသည့် ညအပူချိန်များမှာ တွန်းဇံမြို့တွင် (၄)ဒီဂရီစင်တီဂရိတ်၊ ဟားခါးမြို့တွင် (၆)ဒီဂရီစင်တီ ဂရိတ်နှင့် နမ့်စန်မြို့၊ ပင်လောင်းမြို့၊ ဟဲဟိုးမြို့၊ လွိုင်လင်မြို့၊ ကျိုင်းတုံမြို့၊ မိုင်းယန်းမြို့နှင့် တီးတိန်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မြစ်ကြီးနားမြို့တွင် (၀.၄၇)လက်မ၊ မိုးညှင်းမြို့တွင် (၀.၃၅)လက်မ၊မိုးကောင်းမြို့နှင့် တီးတိန်မြို့တို့တွင် (၀.၂၈)လက်မစီ၊ ကသာမြို့တွင် (၀.၂၃)လက်မနှင့် ဖလမ်းမြို့နှင့် တမူးမြို့တို့တွင် (၀.၁၆)လက်မစီတို့ ဖြစ်ကြသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့်ရှိနိုင်သည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ  အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။

မိုး/ဇလ