မကွေးတိုင်းဒေသကြီး ဂွေးကုန်း - ဝက်ချုပ် - နတ်မောက် ကျေးလက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

နေပြည်တော်  ၁၈  ဇူလိုင်

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေးခရိုင် ၊ နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့ကို ဆက်သွယ်သည့် ဂွေးကုန်း - ဝက်ချုပ် - နတ်မောက် ကျေးလက်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက   အဆိုပါ လမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ‌ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ရပ်မိရပ်ဖများ ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကိုဗစ်-၁၉ ကာလတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် Pilot Project ဖြင့် ဆောင်ရွက်ပြီးစီးသော “ဂွေးကုန်း-ဝက်ချုပ် - နတ်မောက်” ကျေးလက်လမ်း ကတ္တရာလမ်းသစ်ကို ဖွင့်လှစ်ပေး နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊

ဒေသခံပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ယနေ့ကတ္တရာ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသော်လည်း Coronavious Disease 2019 (COVID-19)    ကာကွယ် ၊   ထိန်းချုပ်  ၊   ကုသရေး  အမျိုးသားအဆင့်  ဗဟိုကော်မတီ၏  လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော  အမိန့် ၊ ညွှန်ကြားချက်များ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များကို အထူးလိုက်နာကြရန် ပြောကြားလိုပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ် များတွင် လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေး ၊ ကျေးလက်နှင့်မြို့ပြတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်း၊ တံတားများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ်မှတ်လမ်းအင်္ဂါရပ်နှင့်အညီ စံချိန်စံညွှန်း ပြည့်မီသည့် ကျေးလက်လမ်း၊ တံတားများအဖြစ် Class (A),(B),(C)အမျိုးအစားခွဲခြားပြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်လမ်းများ ကောင်းမွန်လာသည်နှင့်အမျှ ကျေးလက်ထုတ်ကုန်များကို စရိတ်စကသက်သက်သာသာဖြင့် မြို့ပြသို့ အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊

ကျေးလက် လမ်း ၊ တံတားများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အလွန်အရေးပါလှပါကြောင်း၊ ကျေးလက်နေပြည်သူများအတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့်လမ်းများ လိုအပ်လျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် လမ်း ၊ တံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီသောလမ်း၊ တံတားများ တည်ဆောက်ရေးနှင့် ကျေးရွာများ အားလုံး ရာသီမရွေး ဆက်သွယ်သွားလာနိုင်ရန် ရည်မှန်းချက်ထားရှိပြီး  ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံချက်နှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၇ -၂၀၃၀) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအတွင်း လက်ရှိကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိပြီး ကျေးလက် လမ်းမိုင် အရှည် ငါးသောင်းငါးထောင်ကျော်နှင့် ကျေးလက်တံတားပေါင်း(၂၄၁၈၃)စင်းကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ အဆိုပါလမ်းများအနက် ရာသီ မရွေးအသုံးပြုနိုင်သည့် ကျေးရွာ(၅၃ ရာခိုင်နှုန်း)၊ ခြောက်သွေ့ရာသီ၌ အသုံးပြု နိုင်သည့်ကျေးရွာ (၃၄ ရာခိုင်နှုန်း)နှင့် လမ်းမရှိသေး သည့်ကျေးရွာ (၁၃ ရာခိုင်နှုန်း) ရှိပါကြောင်း၊ နိုင်ငံတစ်ဝှမ်း ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းပမာဏ များပြားလွန်းသည့်အတွက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်သူလူထုမျှဝေခြင်း အစီအစဉ်များဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါ ကြောင်း။

နတ်မောက်မြို့မှာ ရှေးယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ နတ်မောက်မြို့မှ ရေနံချောင်းမြို့သို့ သွားရောက်ရာတွင် မြေသားကျောက်လမ်းအဆင့်ဖြင့်သာ အသုံးပြုပြီး သွားခဲ့ရသည့်အတွက် အချိန်ကုန်၊ လူပမ်းဖြစ်ခဲ့ရပါကြောင်း၊ ယခုလမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန် လာသည့်အတွက် နတ်မောက်မြို့မှ ရေနံချောင်းမြို့သို့ ယနေ့ဖွင့်လှစ်ပေးသည့် အရှည်(၂၉)မိုင် (၇)ဖာလုံ ရှိသည့် ဂွေးကုန်း- ဝက်ချုပ်- နတ်မောက် ကျေးလက်လမ်း ကတ္တရာလမ်းသစ်ကြီးမှ သွားပါက အချိန်တို အတွင်း သွားလာနိုင်မည်ဖြစ်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးတို့အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံ တည်ဆောက်ပေးခဲ့သည့် “ဂွေးကုန်း-ဝက်ချုပ်-နတ်မောက်”  ကတ္တရာလမ်းသစ်ကြီးအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူ များက ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်ပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းပြောကြားသည်။

ယင်းနောက် နတ်မောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ဂွေးကုန်း - ဝက်ချုပ် - နတ်မောက်လမ်း ကတ္တရာလမ်းသစ်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက ဂွေးကုန်း - ဝက်ချုပ် - နတ်မောက်လမ်း ကတ္တရာ လမ်းသစ်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် ကတ္တရာလမ်းကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ဝိုင်းဝန်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် ဂွေးကုန်း - ဝက်ချုပ် - နတ်မောက်လမ်း ကတ္တရာလမ်းသစ်အား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊  ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်နှင့် နတ်မောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များသည် ဂွေးကုန်း - ဝက်ချုပ် - နတ်မောက်လမ်း ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုသည်။

ယနေ့ဖွင့်လှစ်တဲ့ “ဂွေးကုန်း - ဝက်ချုပ် - နတ်မောက်” ကျေးလက်လမ်း ကတ္တရာလမ်းသစ်သည် အရှည် (၂၉)မိုင် (၇)ဖာလုံ၊ အကျယ် (၁၂) ပေရှိပြီး ယခင်က မြေသားကျောက်ချော လမ်းအဆင့်သာရှိခဲ့ရာမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  Pilot  Project  အနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက်  ကတ္တရာ လမ်းသစ်ကို ယနေ့အောင်မြင်စွာ  ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခု လမ်းအပိုင်းကို  ဖွင့်လှစ်ပေးလိုက်သည့် အတွက်  ယခင်နတ်မောက်မြို့မှ  ရေနံချောင်းမြို့သို့ သွားရာတွင် မကွေး(ကံပြား)ဘက်မှ ပတ်ပြီး ရေနံချောင်းသို့ (၅၉)မိုင် သွားနေရပြီး ယခု ဂွေးကုန်း - ဝက်ချုပ် - နတ်မောက်ဖြတ်လမ်း(၂၉)မိုင် (၇)ဖာလုံမှသွားလျှင် နတ်မောက်မြို့မှ ရေနံချောင်းမြို့ကို (၄၆)မိုင် (၃)ဖာလုံဖြင့် ရောက်ရှိမည်ဖြစ်၍ ယာဉ်မောင်းချိန်  မိနစ်(၃၀)နှင့် လမ်းမိုင်အရှည်  (၁၀)မိုင်ကျော် သက်သာသွားမှာဖြစ်ပြီး ကျေးရွာ(၅၉)ရွာ ၊ အိမ်ခြေ (၉၂၇၈)အိမ်နှင့်  လူဦးရေ (၄၈၄၅၇)ဦး ကို အကျိုးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)