မကွေးတိုင်းအတွင်းသို့ ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များ ညအိပ်တည်းခိုမှုနည်းပါး

မကွေး ၂၇ မေ

 

မကွေးတိုင်းဒေသကြီးအတွင်းသို့ ကုန်းကြောင်းနှင့် ရေကြောင်းခရီးစဉ်များမှ နိုင်ငံခြားခရီးသွားဧည့်သည် ဦးရေနှစ်သောင်းခန့် နှစ်စဉ်ဝင်ရောက်နေသော်လည်း ဒေသတွင်း၌ ညအိပ်တည်းခိုမှုမှာ ဝင်ရောက်လာသည့် အခြေအနေနှင့် နှိုင်းစာလျှင် နည်းပါးနေသေးကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းတွင် ဟိုတယ်၊ မိုတယ် (၃၈)လုံးရှိပြီး Tourism ဦးရေ နှစ်သောင်းခန့် နှစ်စဉ်ဝင်ရောက်နေသော်လည်း တည်းခိုသူမှာ ၃၀ဝ၀ ဝန်းကျင်ခန့်သာရှိနေကြောင်း၊ လုပ်ငန်းရှင်များက ပြည်တွင်း Domestic ကိုသာ အားထားနေရပြီး ဇုန်ဝင်ကြေးကောက်ခံမှုအရ ဗဿနိုး၊ စလေရုပ်စုံကျောင်းတို့တွင် လည်ပတ်ကာ Day Return ဖြင့် ပြန်သွားသူ နှစ်စဉ်တစ်သောင်းကျော် ရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။

 

“နိုင်ငံခြားခရီးသွားတွေ တိုင်းအတွင်းမှာ ကြာကြာနေပြီး တည်းလို့ရအောင်က တစ်ညအိပ်နှစ်ရက်ခရီးစဉ် ဆွဲနိုင်မှ ဒီမှာအိပ်ကြမှာ။ အခုဟာက မကွေးတိုင်းမှာက အဲလောက်နေနိုင်တဲ့ ခရီးစဉ်မဆွဲကြဘူး။ မဆွဲကြဘူးဆိုတာက မကွေးမြသလွန်၊ မင်းဘူးစက္ကိန်းတဲ၊ ဗိဿနိုး၊ စလေရုပ်စုံ ဒီလိုမျိုး တစ်ရက်တည်းနဲ့ သွားလို့ရပြီးတော့ ပုဂံသွားအိပ်တယ်။ ပြည်သွားအိပ်တယ်။ မကွေးမှာ ကြာကြာတည်းဖို့က ဒီ့ထက်ထူးခြားတဲ့ ဆန်းသစ်တဲ့ Destination အသစ်တွေ ရှိဖို့လိုတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်စိန်က ဆိုသည်။

 

၂၀၁၆ ခုနှစ်တွင် မကွေးတိုင်းအတွင်းသို့ နိုင်ငံခြားသားဧည့်သည် ၁၉၄၅၈ ဦး ဝင်ရောက်ခဲ့ပြီး ဟိုတယ်၊ မိုတယ် များတွင်တည်းခိုသူ ၃၂၃၄ ဦး၊ စလေရုပ်စုံကျောင်းသို့ ၁၁၁၂၅ ဦး၊ ဗိဿနိုးဒေသသို့ ၉၃ ဦး၊ လူထုအခြေပြု ခရီးသွားဒေသ မြိုင် CBT (Community Base Tourism) သို့ ၇၃၅ ဦး၊ ရေကြောင်းသင်္ဘောများဖြင့် ၄၂၇၁ ဦး ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင်  နိုင်ငံခြားသား ၂၀၁၅၀ ဦး ဝင်ရောက်ခဲ့ပြီး ဟိုတယ်၊ မိုတယ်များတွင်တည်းခိုသူ ၂၂၈၁ ဦး၊ စလေရုပ်စုံကျောင်းသို့ ၁၂၆၀၇ ဦး၊ ဗိဿနိုးဒေသသို့ ၂၀၇ ဦး၊ လူထုအခြေပြုခရီးသွားဒေသ မြိုင် CBT (Community Base Tourism) သို့ ၇၆၀ ဦး၊ မကျီးကန် CBT သို့ ၇၂ ဦး၊ ရေကြောင်းသင်္ဘောများဖြင့်  ၄၂၂၃ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

“ရေကြောင်းနဲ့လာလည်တဲ့ တိုးရစ်တွေက သင်္ဘောကမ်းဆိုက်တာနဲ့ မြို့ပေါ်တက်လည်တယ်။ ညအိပ်ရပ်နားမယ်ဆိုလည်း သင်္ဘောပေါ်မှာအိပ်တယ်။ များသောအားဖြင့် လည်ပြီးရင် မြစ်ကြောင်းခရီးစဉ်တွေ ဆက်သွားကြပါတယ်။ စလေရုပ်စုံကျောင်းနဲ့ ဗိဿနိုးမှာလည်ပတ်သူတွေကလည်း များသောအားဖြင့် လည်ပြီးရင် ပုဂံတို့၊ မန္တလေးတို့မှာ ပြန်အိပ်ကြတယ်။ ညအိပ်နိုင်ငံခြားသားစာရင်းက ဟိုတယ်၊ မိုတယ်မှာ တည်းတဲ့သူ၊ CBT လူထုအခြေပြုဒေသတွေမှာ တည်းခိုတဲ့သူကိုပဲ ယူလို့ရမှာ” ဟု ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါအခြေအနေများအရ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လူထုအခြေပြုခရီးသွားလုပ်ငန်းများ တိုးချဲ့ခြင်း၊ ညအိပ်ခရီးစဉ်ဖြင့် သွားရောက်လေ့လာရမည့် ခရီးသွားဒေသသစ်များ ဖော်ဆောင်ခြင်းလုပ်ငန်းများကို ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိကြောင်း ဌာနမှသိရှိရသည်။

 

ဇေယျတု (မကွေး)