မကွေးတိုင်းအတွင်း ထူးခြားထင်ရှား လေ့လာစရာများကို မှတ်တမ်းပြုထားသည့် WEBSITE တစ်ခုရှိရန် လိုအပ်

မကွေး  ၁၄  စက်တင်ဘာ 

 

မကွေးတိုင်းဒေသကြီး အတွင်း၌ စိတ်ဝင်စားဖွယ် သမိုင်းများ၊ ယဉ်ကျေးမှုများ၊ ရှုခင်းများနှင့် လေ့လာမှတ်တမ်းပြုစရာ နေရာများစွာ ရှိနေပြီး ပြည်တွင်းပြည်ပခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းအတွင်း ထူးခြား၊ ထင်ရှား၊ လေ့လာစရာများကို မှတ်တမ်းပြုထားသည့် Website တစ်ခုရှိရန် လိုအပ်နေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

 

“တိုင်းဒေသကြီးမှာတော့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် တစ်ခုရှိသင့်တယ်။ ရှိမှ ခရီးသွား မြေပုံဆွဲပြီး တင်လို့ရမယ်။ ခရီးစဉ်တွေ တင်လို့ရမယ်။ ကြော်ငြာတွေလည်း ထည့်လို့ ရတာပေါ့။ မကွေးတိုင်း အကြောင်းက နေပြည်တော်ဝက်ဘ်ဆိုက်မှာ တင်တော့ တင်တယ်။ အများကြီးထဲကဆိုတော့ မကွေးအကြောင်း တိုက်ရိုက်ဝင်ကြည့်လို့ မရဘူးပေါ့။ တစ်နေရာထဲမှာ ကြည့်လို့ရမှ ခရီးသွားတွေကို ပိုဆွဲဆောင်နိုင်မယ်။ ပေးချင်တဲ့ မက်ဆေ့ရောက်အောင်ပေးနိုင်မယ်” ဟု မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

 

ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဘတ်ဂျက်မရှိသဖြင့် တိုင်းအစိုးရ အဖွဲ့ထံ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး လတ်တလောတွင် facebook page တစ်ခုဖြင့် သတင်းအချက်အလက်များ မျှဝေပေးနေကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

“တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ နေပြည်တော် ဝက်ဘ်ဆိုက်ကတော့ နဂိုကတည်းက ရှိတယ်။ တိုင်းဒေသကြီး ဝဘ်ဆိုဒ် အနေနဲ့က ရန်ကုန်ရှိတယ်။ ရှမ်းပြည် (တောင်ကြီး) လုပ်နေတယ်။ တိုရစ်ဇင်များတဲ့၊ ဘတ်ဂျက်တောင့်တဲ့ နေရာတွေမှာ လုပ်ငန်းရှင်နဲ့ ဝိုင်းပြီး  ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ လုပ်ကြတယ်။ အဲဒီမှာ သူတို့ရဲ့ဟိုတယ်ကြော်ငြာမယ်။ Tour ကုမ္ပဏီတွေ ကြော်ငြာမယ်။ ခရီးစဉ်တွေ ကြော်ငြာမယ်။ အဲဒီ့ဝင်ငွေတွေနဲ့ ရပ်တည်တယ်လို့ သိရတယ်။ နေပြည်တော်က ဝက်ဘ်ဆိုက်ကတော့ ကြော်ငြာဝင်ငွေနဲ့ ရပ်တာမဟုတ်ဘူး။ အစိုးရဘတ်ဂျက်နဲ့ ရပ်တည်တာ။ ဝက်ဘ်ဆိုက် တစ်ခုကထောင်ရင် ငွေကုန်ကြေးကျတော့ ရှိလာမှာပဲ” ဟု တိုင်း ဦးစီးမှူး ဦးမြင့်စိန်က ဆိုသည်။

 

Website တစ်ခု ထူထောင်ခြင်းနှင့်အတူ တိုးရစ်ဂိုက်များ၊ ပညာရှင်များနှင့် ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးမြို့၊  စစ်ကိုင်းမြို့ နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသများကဲ့သို့ ခရီးသွား လမ်းပြမြေပုံတစ်ခု ရေးဆွဲရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်ထံမှ သိရှိရသည်။

 

ဇေယျတု(မကွေး)