မကွေးတိုင်းအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်၌ ဓားထိုးမှုဖြစ်ပွား ဓားထိုးခံရသူ ဆေးရုံ၌ သေဆုံး

မကွေး ၉  ဇူလိုင်

 

မကွေးတိုင်းအစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်၌ ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းက ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဓားထိုးခံရသူကို မကွေးဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးသွားကြောင်း မကွေးမြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ မှ သိရသည်။

 

မကွေးမြို့ ၊ ဆားစည်ရပ် ၊ အမှတ်(၁)လမ်းဘေး ၊ အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ရွှေဗဟိုရ်စည်လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေသူ ယာဉ်မောင်း အောင်ကိုချစ်(၃၃)နှစ်အား လက်ဖက်ရည်ဆိုင်ဖျော်ဆရာ ဇေယျာဖြိုး(၂၁) နှစ်က သူ့အားစနောက်သည်ဟုဆိုကာ ဆိုင်ရှိ အရိုးအသွား ၈ လက်မခန့် ၊ ပလတ်စတစ်အရိုးတပ် ၊ ဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

 

“ဖြစ်စဉ်ဖြစ်သွားတာတော့ ဟုတ်တယ်။ သူငယ်ချင်းချင်း အစလွန်ပြီးတော့ လက်လွန်သွားလားမသိဘူး။ မတော်တဆလား ၊ တစ်ကယ်လားတော့ စစ်မှသိမယ်။  ဓားနဲ့ထိုးမိတယ်လို့ ပြောတယ်။ ဆုံးသွားတယ် ” ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင် က အတည်ပြုပြောကြားသည်။

 

မကွေးမြို့ ၊ အောင်စေတနာရပ်ကွက်နေသူ အောင်ကိုချစ်မှာ ဝဲဘက်ရင်အုံ နှင့် နောက်ကျောတို့တွင် ထိုးသွင်း ဒဏ်ရာများရရှိခဲ့ပြီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သဖြင့် မကွေးမြို့မရဲစခန်း က  အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)