မကွေးနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အမှတ်ခွဲယူ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ မကွေးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

 

မကွေးအသင်းသည် နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သော်လည်း လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းထံမှ အမှတ်ရယူနိုင်ခဲ့သောကြောင့် ကျေနပ်စရာဖြစ်ခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ဇယားထိပ်ပိုင်းမှ အသင်းများကို အမီလိုက်ရန် အမှတ်လိုနေသော်လည်း နိုင်ပွဲရယူနိုင်ခဲ့ခြင်းမရှိဘဲ နောက်မှလိုက်ကစားကာ သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည်။

 

mdn

 

ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင်လည်း လူငယ်ကစားသမားများကို ဦးစားပေးအသုံးပြုခဲ့ပြီး နိုင်ငံခြားသားကစားသမားများဖြစ်သည့် ဒန်နီရယ်၊ မက်ဆီမင်တို့ဖြင့် တွဲဖက်အသုံးပြုခဲ့သည်။ လူငယ်ကစားသမားများပြားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် မကွေးအသင်းကို အသာရရန် ခက်ခဲခဲ့ပြီး စီနီယာကစားသမားများနှင့် နိုင်ငံခြားသားကစားသမားများ လူစားဝင်လာမှသာ ကစားပုံပြန်ငြိမ်သွားခြင်းဖြစ်သည်။ အမှတ်လိုနေသည့် မကွေးအသင်းသည် အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းကို ခပ်မာမာရင်ဆိုင်ခဲ့သည်။ ၂၃ မိနစ်တွင် မကွေးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဝေယံထွန်းက အဝေးမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်များအပြန်အလှန်ရခဲ့ပြီး နှစ်ဖက်ဂိုးသမားများ အမှားမရှိခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် မကွေးအသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ချေပဂိုးရရန် တိုက်စစ်မြင့်လာပြီး မကွေးအသင်းမှာ ခံစစ်ဦးစားပေးကစားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အဆုံးသတ်များလွဲချော်နေသောကြောင့် ချေပဂိုးရရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီး ၇၄ မိနစ်မှ ဂိုးပြန်ရခဲ့သည်။ ယင်းဂိုးကို ဇင်မင်းထွန်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် သရေကျပြီးနောက်ပိုင်းတွင် ဂိုးထပ်ရရန် ကြိုးပမ်းသော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

 

ပွဲစဉ် (၉) ဒုတိယနေ့ကို မတ် ၇ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် စစ်ကိုင်းအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်