မကွေးမြို့တွင်း ရပ်ကွက်လမ်းများထဲမှ လမ်းပေါင်း(၉၀)ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်

မကွေး ၁၁ နိုဝင်ဘာ

                       

ပြည်သူထည့်ဝင်ငွေ ၄၀ရာခိုင်နှုန်း၊ စည်ပင်ထည့်ဝင်ငွေ ၆၀ရာခိုင်နှုန်းဖြင့် မကွေးမြို့တွင်း ရပ်ကွက်မြေသားလမ်းများကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လမ်းပေါင်း ၉၀ အဆင့်မြှင့် တင်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

                       

“ လမ်းပေါင်း ၉၀ ကွန်ကရစ်ခင်းဖို့ တွက်ချက်ပြီး အစိုးရကို တင်ပေးလိုက်ပြီ။ ဒီနှစ်ထဲမှာ ခင်းနိုင်ဖို့ အစိုးရဘက်က ကူညီမှာပါ။ လာမယ့် ၂၀၂၀မှာ ခင်းပြီးလို့ရှိရင် ကန်သာရပ်ကွက် အေအုပ်စုနဲ့ ဘီအုပ်စုတွေဆို အကုန်ကွန်ကရစ်လမ်း ဖြစ်တော့မှာ။ မြို့ဟောင်းရပ်ကွက်မှာလည်း ခင်းစရာ ငါးလမ်း၊ ခြောက်လမ်းလောက်ပဲ ကျန်တော့မှာပါ။ သိင်္ဂါရပ်ကွက်မှာဆိုလည်း ၈၀ရာခိုင်နှုန်းလောက် ပြီးသွားတော့မှာ  ” ဟု စည်ပင်ကော်မတီဥက္ကဌ ဦဖိုးနီ က ပြောသည်။

                       

ကွန်ကရစ်လမ်း (၉၀) အတွက် ငွေကျပ်သိန်းပေါင်း(၁၆၀ဝ၀)ကျော်ကုန်ကျနိုင်ပြီး စည်ပင်သာယာရေးအဖွဲ့ဘက်မှ ငွေကျပ် သိန်းတစ်သောင်းကျော် စိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ စည်ပင်ဘက်မှ အလုံးစုံမစိုက်ထုတ်နိုင်သဖြင့် တတ်နိုင်သမျှ လျာထားပြီး လိုငွေကို မကွေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြတောင်းခံရာ အစိုးရဘက်မှ စိုက်ထုတ်ကူညီမည်ဖြစ်ကြောင်း သိရသည်။

                       

“ အရင်နှစ် ဘတ်ဂျက်မှာ လမ်းပေါင်း ၄၃လမ်းကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာ ပြည်သူပါဝင်မှုနှုန်းက ပိုမြင့်လာတယ်။ ပြည်သူတွေက လမ်းခင်းဖို့ တော်တော်ကိုစိတ်ဝင်စားလာကြတယ်။ ပြည်သူလိုက်မလာရင် စည်ပင်က ဘယ် လောက်လုပ်ချင်လုပ်ချင် လုပ်မရဘူး။ ပြည်သူပူးပေါင်းလာတာကို အထူးတလည်ကို ကျေးဇူးတင်ရမှာ ” ဟု ဦးဖိုးနီ က ဆိုသည်။

          

 စည်ပင်အနေဖြင့် ရပ်ကွက်လမ်းကြားတွင် လမ်းအကျယ် ၁၄ပေ၊ လမ်းသွယ်တွင် ၁၆ပေ၊ မိန်းလမ်း၌ ၁၈ ပေ ခင်းမည်ဆိုသည့် မူရှိကြောင်း၊ ယခုနှစ်တွင် အချို့ရပ်ကွက်များက ငွေထည့်ဝင်မှုလက်လှမ်းမမီ၍ ၁၄ပေ ခင်းရမည့်လမ်းကို ၁၂ပေခင်းမည်ဆိုသည့် ချွင်းချက်အချို့ရှိကြောင်း၊ လမ်းခင်းလုပ်ငန်းသည် လမ်းကော်မတီနှင့် စည်ပင်သာယာအဖွဲ့၏ ကြီးကြပ် မှုအောက်တွင်ရှိပြီး တင်ဒါအောင်ကုမ္ပဏီက လမ်းအရည်အသွေးအတွက် ကုမ္ပဏီမှ ၂နှစ် အာမခံရကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)