မကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာမျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲ  မျက်မမြင်များ၊မသန်စွမ်းသူများနှင့် ဝန်းရံသူများ ပါဝင်ဆင်နွဲ

မကွေး     ၁၅    အောက်တိုဘာ     

 

အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲ  အခမ်း အနားကို အောက်တိုဘာလ ၁၅ ရက် ယနေ့နံနက် ၇ နာရီက မကွေးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး တက်ရောက်၍ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြမည့်သူများအား အားပေးစကားပြောကြားကာ လမ်းလျှောက်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

လမ်းလျှောက်ပွဲကို မကွေးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းရှေ့မှ စတင်ကာ အထက(၁)လမ်းမကြီးအတိုင်း လျှောက်လှမ်းခဲ့ပြီး ဗိုလ်ချုပ်ပန်းခြံ  မြင်းစီးကြေးရုပ်ရှေ့သို့ ပန်းဝင် လျှောက်လှမ်းခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်နန္ဒာနွယ်ဟန်နှင့်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ဖန်ခါးမြေအဖွဲ့၊ TLMM အဖွဲ့၊ DPDO မသန်စွမ်း အဖွဲ့များ၊ အမြင်အာရုံချို့တဲ့သူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဝန်းရံသူများ စုစုပေါင်း ၁၅၀ ခန့် စုပေါင်း လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

အပြည်ပြည်ဆိုင်ရာမျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲ (White Cane Day)နေ့ကို မကွေးပရဟိတအသင်းနှင့်မြန်မာနိုင်ငံမသန်စွမ်းရှေ့ဆောင် မကွေးရုံးခွဲတို့ ပူးပေါင်းကာ စတုတ္ထ အကြိမ်မြောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ သရက်၊ ပွင့်ဖြူ၊ စလင်း၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်နှင့် မိချောင်းရဲမြို့နယ်များမှ မျက်မမြင်များ၊မသန်စွမ်းသူများနှင့် ဝန်းရံသူများ တက် ရောက်ခဲ့ကြသည်။

 

အဆိုပါ ကမ္ဘာ့မျက်မမြင် လမ်းလျှောက်တုတ်နေ့များ အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို မသန်စွမ်းအမျိုးအစား (၄)မျိုးဖြစ်တဲ့ အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါမသန် စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူတွေကို ခွဲခြားပြစ်ပယ်ဆက်ဆံခြင်း ကင်းဝေးစေဖို့၊လူ့အသိုင်းအဝိုင်းမှာ အများ နည်းတူ ပါဝင်နိုင်စေဖို့၊မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေမှာလည်း အခွင့်အရေးများရှိပြီး ပညာ သင်ယူနိုင်ခွင့် အလုပ်အကိုင်အခွင့်အလမ်းများရပိုင်ခွင့်နှင့် အမှီအခိုကင်းစွာ ရပ်တည်နိုင်ခွင့် စသည့် အခွင့်အရေးများ ရရှိစေရန် ရည်ရွယ်ကာ အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)