မကွေးမြို့ရှိ တရားမဝင်အနှိပ်ခန်းတစ်ခုအား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီး

မကွေး  ၄ စက်တင်ဘာ

မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ၊ ဖန်းခါးမြေဂေါက်ကလပ် ဟိုတယ်တွင် တရားမဝင်အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်းအရ စက်တင်ဘာ ၄ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ အနှိပ်ခံသူ၊ အနှိပ်သမများနှင့်် ဆိုင်နေဂျာတို့ပါဝင်သည့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

“ဂေါက်ကလပ် ဟိုတယ်ထဲမှာ ဖွင့်ထားတဲ့ BMB Beauty Spa မှာ တရားမဝင်အနှိပ်ခန်းဖွင့်ထားတာ သတင်းရလို့ ဝင်ဖမ်းခဲ့တာပါ။ ဒါမျိုးတွေကို ဆက်ဖမ်းမယ်။ တိုင်းရဲတပ်ဖွဲ့မှူးကလည်း ညွှန်ကြားထားပါတယ် ” ဟု မကွေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင် က ပြောသည်။

 

ရှာဖွေဖမ်းဆီးမှုတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ တိုင်းမှုခင်းအကူမှ ရဲအုပ်အောင်ဇော်မင်း၊ ခရိုင်မှုခင်း အကူမှ ရဲအုပ်သန့်ဇင်ထွန်း၊ မြို့မစခန်း နယ်ထိန်း ဒုရဲအုပ်သန်းထိုက်အောင်၊ မြို့နယ်ထွေအုပ် ဒုတိယဦးစီးမှူး ဦးအေးမြင့်သူ၊ ဆုံရပ်ကွက် ဆယ်အိမ်မှူး ဦးမြင့်အောင်၊ ကန်သာရပ်ကွက်ဆယ်အိမ်မှူး ဦးမျိုးကျော်အောင်နှင့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြသည်။

 

ဖမ်းဆီးခံရသူများမှာ ပြည့်ပြည့်၊ သန္တာ၊ မမော်၊ သဲသဲ၊ ဝေေ၀၊ သော်တာ၊ ပိုးအိ၊ အိအိ၊ အစိုင်း၊ ယွန်းလေး ဆိုသည့် အမျိုးသမီး(၁၀)ဦး၊ ဧည့်သည်အမျိုးသား ကျော်စံထွန်းနှင့် ဝေယံအောင်၊ မန်နေဂျာ ဝင်းဖြိုးနောင် တို့(၃)ဦး ဖြစ်ကြောင်း၊ အနှိပ်သမများအဖြစ် လုပ်ကိုင်သူအများစုမှာ အလယ်တန်းအဆင့်ထိ ကျောင်းနေဖူးသူများဖြစ်ပြီး ဘွဲ့ရပြီးသူ တစ်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

 

ဖမ်းဆီးရမိသူများကို ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ မကွေးမြို့မ ရဲစခန်းက  အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဇေယျတု(မကွေး)