မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာကို သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်

မကွေး  ၅  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၀၅ ဒသမ ၇၁ သန်း အသုံးပြုကာ ကျေးရွာ ၁၉ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက်  ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၁ သန်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၀၆ ဒသမ ၆၁ သန်း စုစုပေါင်းငွေကျပ် ၃၀၅ ဒသမ ၇၁ သန်းဖြင့် စက်ရေတွင်းရှစ်တွင်း တူးဖော်ခြင်း၊ မြေသားရေကန်ခြောက်ကန်တိုးချဲ့တူးဖော်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းသုံးခု၊ ဂါလန်(၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းကိုးခု၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် ခြောက်ကန် တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိ ရေစက်ရုံကိုးခု တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ပြောပြချက်အရ သိရသည်။

 

“ကျွန်မတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ  ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက် နေတယ်လို့ ” မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်စိုးက ဆက်လက်ပြောပြသည်။

 

မကွေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင်လည်း သောက်သုံးရေရှားပါးသော ကျေးရွာ ၁၂ ရွာကို တွင်းနက်စက်ရေတွင်းသစ် ရှစ်တွင်းတူးဖော်ခြင်းနှင့် အခြားရေရရှိရေး လုပ်ငန်းလေးခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၂၄၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)