မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာ၌ အိမ်တိုင်ရာရောက်သောက်သုံးရေရှိရေး ဆောင်ရွက်နေ

မကွေး ၆ မတ်

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာဟောင်း ကန်ကျေးရွာအုပ်စု၊ ရွာဟောင်းကန်ကျေးရွာ၌  ယခုဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (ယူနီဆက်ပူးပေါင်း)၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ တတိယအပတ်ကစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

ရွာဟောင်းကန်ကျေးရွာသည် ယခင်က သောက်သုံးရေကို ကျေးရွာပိုင်စက်ရေတွင်းမှ နွားလှည်း၊ တွန်းလှည်းများဖြင့် လည်းကောင်း၊ ရေအိုးရေပုံးများဖြင့်လည်းကောင်း သယ်ယူသုံးစွဲခဲ့ကြကြောင်း၊ ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (ယူနီဆက်ပူးပေါင်း) ကျပ် ၁၆ ဒသမ ၇၆ သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၁၂ ဒသမ ၉၅ သန်း စုစုပေါင်း ငွေကျပ် ၂၉ ဒသမ ၇၁ သန်းဖြင့် ကျေးရွာတွင်း ရေပိုက်လိုင်း ၁၆၇၅၈ ပေ သွယ်တန်းခြင်း လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် ဧပြီလကုန် အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး က ပြောပြ၍ သိရသည်။

 

4

 

အဆိုပါ အိမ်တိုင်ရာရောက်ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၁၀၊ လူဦးရေ ၁၃၀ဝ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေများ ဖူလုံစွာ သုံးစွဲနိုင်တော့မှာဖြစ်ကြောင်း ကျေးရွာဒေသခံပြည်သူများထံမှ သိရသည်။

 

မကွေးမြို့နယ်အတွင်း သောက်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ရွာဟောင်းကန်ကျေးရွာ အပါအဝင် ကျေးရွာ (၁၂)ရွာ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ခုနစ်ခု၊ မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းတစ်ခု၊ ရေမြှုပ်ပန့် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်း တစ်ခု၊ အမြင့် ၂၀ ပေရှိ ဂါလန် ၂၄၀ဝ ဆံ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းတစ်ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၂၄၁ သန်း၊ ပြည်သူထည့်ဝင်ငွေ ၁၂ ဒသမ ၉၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)