မကွေးမြို့နယ်၊ လက်ဆည်ကန်ကျေးရွာ၌ ရွေ့လျားရေသန့်စင်ယာဉ်ဖြင့်  ရေသန့်စင်ပြီး သောက်သုံးရေများ ဖြန့်ဝေ

မကွေး ၁၁ ဇွန်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လင့်မြင့်ကျေးရွာအုပ်စု၊ လက်ဆည်ကန်ကျေးရွာနေ ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ဇွန်လ ၁၀ ရက်က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် အဆိုပါ ကျေးရွာအနီးရှိ မြေသားမိုးရေလှောင်ကန်မှ ရေကိုသန့်စင်ပြီး သောက်သုံးရေဂါလန် ၂၆၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

လက်ဆည်ကန်ကျေးရွာ၌ ကျေးရွာပိုင်စက်ရေတွင်း တစ်တွင်းရှိသော်လည်း ကျေးရွာနှင့် တစ်ဖာလုံခန့်ရှိ မြေသားရေကန်မှ ရေကိုသာ အဓိကထားအသုံးပြုကြကြောင်း၊ လက်ရှိမှာတော့ မိုးရွာသွန်းမှု နည်းသေးခြင်းကြောင့် ရေဝင်ရောက်မှုမရှိသေးခြင်း၊  ကန်အတွင်း ရေလျော့နည်းကာ ရေနောက်ကျိမှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် အဆိုပါမြေသားရေကန်မှ ရေကို ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ရေသန့်စင်ပြီး  ကျေးရွာရှိ အိမ်ခြေ ၂၃၂၊ လူဦးရေ ၁၂၃၀ ဦးအတွက် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။

 

အဆိုပါ ရွေ့လျားရေသန့်စင်ယာဉ်သည် အငန်ဓာတ်ပါရှိသော ရေအရင်းအမြစ်နှင့် ဓတ်ဆီ/ချောဆီများပါဝင်သော ရေအရင်း အမြစ်များမှအပ ကျန်မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ အစရှိသည့် ရေအရင်းအမြစ်များမှရေကို သန့်ရှင်းသော သောက်သုံးရေ ရရှိသည်အထိ သန့်စင် ပေးနိုင်ကြောင်း၊ မူလရေအရည်အသွေးပေါ်မူတည်၍ တစ်နာရီလျှင် ရေဂါလံ ၅၀၀ မှ ၆၀၀ အထိသန့်စင်ပေးနိုင်ပြီး တစ်နေ့လျှင် ရေဂါလံ ၅၀၀၀ အထိသန့်စင်ပေးနိုင်ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ သောက်သုံးဖူလုံစွာရရှိရေးအတွက် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ယခင်နှစ်က ရေရှားပါးလို့ ရေပေးဝေ ခဲ့ရသောကျေးရွာတွေနဲ့ အခြားရေရှားပါးနိုင်တဲ့ ကျေးရွာတွေကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်း (၇၈)တွင်း၊ တွင်းတိမ်စက်ရေတွင်း (၄)တွင်း၊ လက်တူးတွင်း(၃)တွင်း၊ မြေသားရေကန်(၃၆)ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း(၁၁)ခု၊ အခြားရေရရှိရေးလုပ်ငန်း(၄၆)ခု စုစုပေါင်းရေရှိရေးလုပ်ငန်း (၁၇၈)ခုကို ငွေကျပ် ၂၉၂၂ ဒသမ၄၃၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းလွင်(မကွေး)