မကွေးမြို့နယ်၊ ကြည်တစ်လုံးကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေး GP Survey တိုင်းတာ

မကွေး              စက်တင်ဘာ                 ၂၈

 

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာအုပ်စု၊ ကြည်တစ်လုံးကျေးရွာ၌ စက်ရေတွင်း တူးဖော်နိုင်ရန်အတွက် မြေအောက်ရေ အောင်းလွှာ တည်ရှိနိုင်မည့်နေရာအား သိရှိနိုင်ရေး စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက GP Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

GP Survey တိုင်းတာမှုများကို မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကြည်တစ်လုံး ကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် စက်ရေတွင်း တူးဖော်ပေးမည်ဖြစ်ကြောင်း၊ တူးဖော်ရာတွင် လွယ်ကူလျင်မြန်ရေးအတွက် မြေအောက်ရေ အောင်းလွှာ တည်ရှိ နိုင်မည့်နေရာအား သိရှိနိုင်ရေး GP Survey တိုင်းတာမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး၏ ပြောပြချက်အရ သိရသည်။ 

 

မကွေးမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၀ ၌ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၀၈ ဒသမ ၇၁ သန်းဖြင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း အခု ၂၀ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)