မကွေးမြို့ ၊ သိင်္ဂါရပ်ကွက်တွင် တစ်အိမ်တက်ဆင်း ဆေးဖြန်းခြင်းနှင့် အပူချိန်တိုင်းတာခြင်းများ လုပ်ဆောင်မည်

မကွေး  ၄  ဧပြီ

လူဦးရေ ၇၇၀၀ ကျော်နှင့် အိမ်ထောင်စု ၁၉၀၀ ရှိသည့် မကွေးမြို့နယ်၊ သိင်္ဂါရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ရန် တစ်အိမ်တက်ဆင်း ဆေးဖျန်းခြင်းလုပ်ငန်းနှင့် မိသားစုဝင်များအား အပူချိန်တိုင်းတာ မှတ်တမ်းတင်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ မှ သိရသည်။

 

 “ရန်ကုန်က အဖွဲ့အစည်းတစ်ခုကလည်း နေအိမ်မှာဖျန်းတဲ့ဆေးတွေ ဒါနပြုချင်တယ်၊ ဖော်မြူလာတွေရော ဆေးရော ကျွန်တော်တို့ရပ်ကွက်ကို လှူမယ်။ ရပ်ကွက်အတွက် ဆေးဖျန်းပုံး လှူတဲ့သူတွေလည်း ရှိတယ်။ အပူချိန်တိုင်းကိရိယာ လှူတဲ့သူလည်းရှိတယ်။ ရပ်ကွက်ကလည်း ဝယ်ထားတယ်။ အဲဒါကြောင့် ဆေးလိုကဖျန်းရင်းနဲ့ ကိုယ်အပူချိန် တိုင်းတာတွေ လုပ်ပါမယ် ” ဟု သိင်္ဂါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးခန့် က ပြောသည်။

 

အဆိုပါလုပ်ငန်းကို ဧပြီလ(၈)ရက်နေ့မှစတင်ကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ စေတနာရှင် ပရဟိတများ၊ ပြည်သူများ၏ ပါဝင်မှုတို့ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးထံ သတင်းပို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရပ်ကွက်ထဲတွင် နိုင်ငံခြားမှ ပြန်လာသူ(၆)ဦးရှိပြီး တိုင်းအစိုးရက စီစဉ်ပေးထားသည့် Facility Quarantine နေရာတွင် ပို့ထားကြောင်း၊ မကွေးတိုင်းတွင် Quarantine ဆောင်ရွက်ထားသူ ၁၃၅၈၉ ဦးရှိပြီး မကွေးမြို့ရှိ Quarantine Camp ကွန်ပျူတာတက္ကသိုလ်၊ ကျန်းမာရေးတက္ကသိုလ် နှင့် ပညာရေးကောလိပ်တို့တွင် နိုင်ငံရပ်ခြားပြန်စောင့်ကြည့်ထားသူ ၂၉၇ ဦး ရှိကြောင်း အုပ်ချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်များအရ သိရှိရသည်။

ဇေယျတု(မကွေး)