မကွေးမြို့ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြည်သူအများ ပါဝင်ဆင်နွှဲ

မကွေး ဒီဇင်ဘာ ၁၇

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တတိယပတ်အဖြစ် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေး ဒီဂရီကောလိပ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မကွေးသူနာပြု သင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများနှင့် အားကစားစိတ်ဝင်စားသည့် ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗိုလ်ချုပ်လမ်းမကြီးမှ စတင်၍ လမ်းငါးသွယ်အဝိုင်းမှ တောင်တွင်းကြီး လမ်းမတစ်လျှောက် မကွေးတက္ကသိုလ်ဝင်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ကိုယ်လက်လှုပ်ရှား ကာယလေ့ကျင့်ခန်း အတွဲ-၁ ၊ အတွဲ ၂ နှင့် Physical fitness dance များ တစုတဝေး စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဗလာမပါ ကံစမ်းမဲများ မဲဖောက်ပေးကာ ကောက်ညှင်းပေါင်းနှင့် သောက်ရေသန့်ဘူးများ ဝေငှပေးသည်။

 

mdn

 

ဆက်လက်၍ စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွဲကြသည့် ဌာနဆိုင်ရာများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများ၊ မကွေးသူနာပြု သင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများနှင့် မကွေးမြို့ပေါ် ရပ်ကွက်များမှ ပြည်သူများမှ မကွေးတက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမရှေ့နှင့် တက္ကသိုလ်အဝင် လမ်းမတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ