မကွေးဆေးရုံ၌ ကျမ်းမာရေးဝန်ထမ်း ၇၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုး​နှံပေး

မကွေး၊ ၂၇  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း ၇၇၇ ဦးကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

"သုံးရက်အတွင်း အပြီးထိုးပေးမှာပါ။ လူတစ်ဦးကို ထိုးရမယ့်‌ဆေးပမာဏ(0.5 CC) ဖြစ်ပါတယ်။ ဆေးတစ်လုံးကို လူ ၁၀ ဦးနှုန်း ထိုးပေးလို့ရတယ်။ ဆေးထိုးပေးမယ့် ဆရာမတွေကိုလည်း အွန်လိုင်းကနေ လေးရက်လောက် သင်တန်းပေးထားတာပါ။ ဆေးထိုးတာကို နှစ်နေရာ ခွဲထားပြီး ထိုးပေးပါတယ်။ ထိုးပြီးသွားတဲ့ သူတွေကို နာရီဝက် စောင့်ကြည့်ဖို့လည်း စီစဉ်ထားတယ်'' ဟု မကွေးပြည်သူ့ဆေးရုံအုပ်  ဒေါက်တာဒေါ်ဇင်မင်းဖွေးက ပြောပြသည်။

ကျန်းမာရေး ဝန်ထမ်းများကို ထိုးပေးပြီးပါက တိုင်းရင်းဆေး၊ သူနာပြုသင်တန်းကျောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ အား/ကာဝန်ထမ်းများကို ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆေးတစ်ခါထိုးရင် ရှစ်ယောက် တစ်ပြိုင်နက်ထဲ ထိုးတာပေါ့။ ပြီးတော့ သူတို့ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်တယ်။ အဆင်ပြေတယ်။ ခုချိန်ထိ တစ်စုံတစ်ရာ လွဲချော်မှု မတွေ့သေးဘူး'' ဟု မကွေးဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေးက ဆိုသည်။

မကွေးမြို့ပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုကို မကွေးတိုင်း ပြည့်သူဆေးရုံကြီး၊ မကွေးပညာရေးကောလိပ် ကွာရန်တင်းစင်တာ၊ မြို့နယ် ကျန်းမာရေး ဌာနများ၌ ထိုးနှံပေးနေကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇေယျတု(မကွေး)