မကျော်ကြားတဲ့အလုပ်ဆိုရင် ဘာမှမလုပ်ဘူး ကျွန်တော့်နာမည် ကျော်ကျော်

၁၂ ဇူလိုင်

 

ဦးပဉ္ဇင်းကိတ္တိသာရ(သက်တော်-၇၃ နှစ်) ဩစတြေးလျနိုင်ငံ ကင်ဘာ ရာမြို့မှာ ပျံလွန်တော်မူတဲ့သတင်းကို လူမှုကွန်ရက်ပေါ်မှာ ဖတ်ရှုရပါတယ်။ ဦးပဉ္ဇင်းနဲ့ မောင်မိုးသူတို့အကြောင်းရေးရမယ်ဆိုရင် ကျော်ဟိန်းနဲ့ မောင်မိုးသူ ရယ်လို့ရေးမှ အရသာရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မောင်မိုးသူနဲ့ ဦးပဉ္ဇင်းကြီးတို့ တွေ့ဆုံသိကျွမ်းရစဉ်က ကျော်ဟိန်း အမည်နဲ့ ဖြစ်လို့ပါပဲ။ မောင်ကျော်ဟိန်းကို ပထမဦးဆုံးအကြိမ် တွေ့ဖူးတာကတော့ ရုပ်ရှင်ကောင်စီခေတ် သရုပ်ဆောင်မင်းသား၊ မင်းသမီးရွေးချယ်ပွဲမှာ ဖြစ်ပါ တယ်။ အဲဒီတုန်းက မောင်ကျော်ဟိန်းကို ဘယ်မင်းသား၊ မင်းသမီးတွေကိုကြိုက်သလဲလို့မေးတဲ့အခါ သူက မင်းသမီးတွေအားလုံး ကြိုက်ပါတယ်။ မင်းသားတွေကိုတော့ မကြိုက်ပါဘူးလို့ ပြန်ဖြေခဲ့ပါ တယ်။ အဲဒီရွေးချယ်ပွဲမှာပဲ မောင်ကျော်ဟိန်းဟာ မင်းသားအဖြစ် ရွေးချယ်ခံရပါတယ်။ ကျော်ဟိန်းရဲ့ ပထမဦးဆုံးရုပ်ရှင်ကားကတော့ ဖူးစာလမ်းဆုံ၊ ဒုတိယက နုနုငယ်ငယ်ဖြစ်ပြီး မောင်မိုးသူရိုက်တဲ့ ကျွန်တော့်နာမည်ကျော်ကျော်က တတိယကား ဖြစ်ပါ တယ်။ ကျော်ကျော်ဇာတ်ကားမှာ ကျော်ဟိန်းက လက်ဝှေ့သမားတစ်ယောက် အဖြစ် သရုပ်ဆောင်ခဲ့ပြီး ကျော်ဟိန်းအဖြစ် ထင်ရှားအောင်မြင်ခဲ့တဲ့ ဇာတ် ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ်။ ကျော်ဟိန်းနဲ့ ဒုတိယအကြိမ် မောင်မိုးသူ ရိုက်တဲ့ဇာတ်ကားကတော့ “လွတ်လပ်မှ အမျှဝေပါ ဖြစ်ပါတယ်။ ကျော်ဟိန်း ဟာ ရုပ်ရှင်လောကမှ အနားယူလိုက်တဲ့အချိန်ထိ အင်မတန်မှ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီးဖြစ်ပါတယ်။ ဘာသာရေးဘက်ကို စတင်လိုက်စားစဉ်က ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဆရာနန္ဒာသိန်းဇံနှင့် မောင်ကျော်ဟိန်းတို့ရဲ့ ဘာသာရေးသတင်းစာရှင်းလင်းပွဲမှာလည်း ဆုံခဲ့ကြ ပါသေးတယ်။ သာသနာ့ဘောင်ဝင်ပြီးနောက် ဘာသာရေးစာအုပ်အထူကြီး တစ်အုပ်ကိုလည်း မောင်မိုးသူထံ ပေးပို့ခဲ့ပါတယ်။ အဲဒီနောက်တော့ အဆက်အသွယ်မရှိတော့ပါဘူး။

 

ဦးပဉ္ဇင်းကြီးပျံလွန်တော်မူတဲ့သတင်းကို သိလိုက်ရတဲ့အခါ ပြန်ပြီး သတိရ၊ တမ်းတ၊ လွမ်းရမိခြင်းဖြစ်ပါတယ်။

 

မောင်မိုးသူ