မက်ဆီ၊ ဆွာရတ်၊ ဂျော်ဒီအယ်လ်ဘာနဲ့ ဘတ်စကွက်တို့အား အင်တာမီယာမီအသင်းမှာ ပြန်လည် စုစည်းဖို့ ဒေးဗစ်ဘက်ခမ်း စီစဉ်နေ

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းရဲ့ ပူးတွဲအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ ယခုနှစ်အတွင်း ကာတာနိုင်ငံ၌ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးပါက မက်ဆီ၊ ဆွာရတ်ဇ်၊ ဂျော်ဒီအယ်လ်ဘာ၊ ဘတ်စကွက် စတဲ့ ကစားသမားလေးဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီကစားသမားလေးဦးအနက် နှစ်ဦးက လက်ရှိ ဘာစီလိုနာအသင်းမှာ မရှိတော့ပေမယ့် ဘာစီလိုနာ အသင်းအတွက် အကောင်းဆုံးတွဲဖက်ကစားခဲ့သူတွေကို အင်တာမီယာမီအသင်းမှာ ပြန်လည်စုစည်းဖို့ ဒေးဗစ်ဘက်ခမ်းက စီစဉ်နေတာလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူး ဆွာရတ်ဇ်ဟာ အခု ဘောလုံးရာသီကုန်မှာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် ဆွာရတ်ဇ်ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ပထမဆုံးခေါ်ယူမယ့် ကစားသမားအဖြစ် ပစ်မှတ်ထားခြင်းခံထားရပြီး အသက် ၃၅ နှစ် အရွယ်ရှိ ဆွာရတ်ဇ်ဟာ အက်သလက်တီ ကိုမက်ဒရစ်နဲ့ ပထမရာသီမှာ လာလီဂါ ဆုဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး မက်ဆီကတော့ ပီအက်စ်ဂျီအသင်းနဲ့ တစ်ရာသီကစားပြီးချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့လည်း စီစဉ်နေတာဖြစ်ပါတယ်။ ဒါ့ပြင် ဒီအယ်လ်ဘာ နဲ့ ဘတ်စကွက်တို့ဟာလည်း ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးတဲ့ အခါ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စီစဉ်နေတာဖြစ်ပြီး ဂျော်ဒီအယ်လ်ဘာရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ ဘတ်စကွက်ရဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ မက်ဆီ၊ ဆွာရတ်ဇ် ဂျော်ဒီအယ်လ်ဘာနဲ့ ဘတ်စကွက်တို့ကို ခေါ်ယူကာ အင်တာမီယာမီအသင်းကို မေဂျာလိဂ်ရဲ့ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်လာဖို့ မျှော်လင့်ထားတာ ဖြစ်ပြီး လက်ရှိ အင်တာမီယာမီအသင်းဟာ ရာသီအစလေးပွဲ ကစားပြီးချိန်မှာ မေဂျာလိဂ်အမှတ်ပေး ဇယားရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

 ငွေကြယ်