မကာအို သက်ကြီးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဟောင်းများအသင်း လူရွေးပွဲ ကျင်းပ

၆   အောက်တိုဘာ

 

နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပမည့် (၁၉) ကြိမ်မြောက် မကာအို သက်ကြီးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းသည် အောက်တိုဘာ ၆ ရက်ညနေပိုင်းက လူရွေးပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။

 

မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းကို (က) နှင့် (ခ) နှစ်သင်းခွဲ၍ ဖွဲ့စည်းခဲ့ပြီး EPC အသင်း၊ စိန်ပေါလ်ကျောင်းအသင်းတို့ဖြင့် လူရွေးပွဲ ကျင်းပခဲ့သည်။ လူရွေးပွဲကို ဆီမီးဖိုင်နယ်ပုံစံဖြင့် ကျင်းပခဲ့ပြီး ဆီမီးဖိုင်နယ်တွင် လက်ရွေးစင်ဟောင်း (က) အသင်းက စိန်ပေါလ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ လက်ရွေးစင်ဟောင်း (ခ) အသင်းက EPC အသင်းကို ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရွေးစင်ဟောင်း (ခ) နှင့် EPC တို့ပွဲတွင် နှစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့်ဆုံးဖြတ်ရာ လက်ရွေးစင်ဟောင်း (ခ) အသင်းက လေးဂိုး-သုံးဂိုး၊ စုစုပေါင်း ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် လက်ရွေးစင်ဟောင်း (က) အသင်းနှင့် (ခ) အသင်းတို့ တွေ့ဆုံခဲ့ပြီး တစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ (က) အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ တတိယနေရာလုပွဲတွင် EPC အသင်းက စိန်ပေါလ်အသင်းကို ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရခဲ့သည်။ လူရွေးပွဲကစားခဲ့သည့် လက်ရွေးစင်ဟောင်းများ(က) အသင်းတွင် မျိုးသန်းဦး(ဂိုး)၊ မင်းသူ၊ ထွန်းမြင့်လွင်၊ မောင်မောင်မြင့်၊ မင်းကြည်၊ ကျော်မင်း၊ နေလင်း၊ မိုးကျော်၊ အောင်ကျော်ထွန်း၊ မြင့်ကို၊ မောင်မောင်ဌေး၊ ထွန်းထွန်းထက်၊ စိုးမိုးကျော်၊ ဝင်းအောင်၊ သိန်းဇံ၊ ဇော်ဝင်းနိုင်(ဂိုး)၊ စိုးနိုင်၊ ချိုလာ၊ ကြည်လွင်၊ (ခ) အသင်းတွင်  ယဉ်မင်းအောင်(ဂိုး)၊ ဟန်လင်း(ဂိုး)၊ ဇော်မင်း၊ ဇော်လေးအောင်၊ ဟန်ထွန်း၊ မောင်မောင်ကြီး၊ မောင်မောင် ဦး၊ အောင်မျိုး၊ ကျော်မျိုးဟန်၊ ဌေးလွင်၊ မျိုးလှိုင်ဝင်း၊ အောင်ကျော်မိုး၊ သန်းဝေ၊ ဌေးမြင့်၊ စည်သူဝင်း၊ မြင့်သိန်းတို့ ပါဝင်ကြသည်။

 

(၁၉) ကြိမ်မြောက် မကာအိုသက်ကြီး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင် ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ စည်းမျဉ်းအရ အသက် ၄၀ နှစ်အထက် ဂိုး သမားနှစ်ဦး၊ အသက် ၄၀ မှ ၄၄ နှစ်အကြား ခြောက်ဦး၊ အသက် ၄၅ နှစ်မှ ၄၉ နှစ်အကြား ခြောက်ဦး၊ အသက် ၅၀ နှစ်အထက် ကစား သမား ရှစ်ဦး၊ စုစုပေါင်း ၂၂ ဦးဖြင့် ဖွဲ့စည်းရ မည်ဖြစ်ပြီး အုပ်ချုပ်/နည်းပြကိုလည်း ယင်း ကစားသမားများအနက် ရွေးချယ်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းသည် ယင်းပြိုင်ပွဲအတွက် ကစားသမားများရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်