မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းသို့ ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၆ မျိုးခန့်ဝင်ရောက်

ပဲခူး  ၆  ဇန်နဝါရီ  

 

မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အပန်းဖြေစခန်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်လျှက်ရှိရာ ဒီဇင်ဘာလကုန်အထိ ငှက်မျိုးစိတ် ၃၆ မျိုးခန့် ဝင်ရောက်နေုပြီ ဖြစ်ကြောင်း ဆောင်းခိုငှက်ဝင်ရောက်မှုကို လစဉ်စာရင်းကောက်ယူမှတ်တမ်းတင် ဆောင်ရွက်နေသည့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။

 

မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းသို့ နိုဝင်ဘာလဆန်းပိုင်းက ဆောင်းခိုငှက်များ စတင်ဝင်ရောက်နေခြင်းဖြစ်ကာ နှစ်စဉ်ဝင်ရောက်နေကျ ဆောင်းခိုငှက်မျိုးစိတ်အားလုံး စုံလင်စွာမရောက်ရှိ သေးကြောင်းလည်း သိရသည်။

 

111

 

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ငှက်များပျံသန်းနားခိုရာ (Fly Way Network )အတွင်း ကျရောက်လျက်ရှိသဖြင့် ငှက်မျိုးစိတ်များ အများဆုံးဝင်ရောက်တတ်သကဲ့သို့ ဆောင်းရာသီကာလ တစ်လျှောက်လုံး နေထိုင်ကျက်စားခြင်းဖြစ်ကာ မတ်လနှင့်ဧပြီလတို့တွင်ပြန်လည်ထွက်ခွာသွားကြကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှုးရုံးမှတောအုပ်ကြီး ဦးစိုင်းဝဏ္ဏကြည်က ပြောသည်။

 

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာ့အသိအမှတ်ပြု ရေဝပ်ဒေသအဖြစ် သတ်မှတ်ခဲ့ပြီး အင်းရေရှည်တည်တံ့စေရန် အင်းအတွင်း သားငှက်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ရှားပါးငှက်မျိုးစိတ်များ ဖမ်းယူခြင်းများနှင့် စားသောက်ရန်သတ်ဖြတ်ခြင်း မပြုလုပ်ရန်ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


အဆိုပါ အင်းအတွင်းသို့ ၂၀၁၈ ခုနှစ်ပြီးခဲ့သည့် ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက် ၃၆ မျိုး ဌာနေငှက်မျိုးပေါင်း ၇၀၊  စုစုပေါင်းငှက်မျိုးစိတ် ၁၀၆ မျိုးမှ ငှက်ကောင်ရေ ၁၇၀၃၆ ကျရောက်ကျက်စားလျှက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- ပိန်းဇလုပ်သိန်းညွန့်

 

333