မိုးတွင်းကာလ၌ ပြည်တွင်းဘုရားဖူး ခရီးသွားသူ နည်းပါး

ရန်ကုန် ၃ စက်တင်ဘာ

 

မိုးတွင်းကာလ၌ ပြည်တွင်းဘုရားဖူး ခရီးသွားသူမရှိသလောက် နည်းပါးလျက်ရှိကြောင်း ရွှေကြေးစည် ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်း မန်နေဂျာ ဦးတင်ထွေးက ပြောကြားသည်။ 

 

“မိုးတွင်းကာလ ဘုရားဖူးခရီးသွားအနေနဲ့ ပြောရရင် ဒီနှစ်ကတော့ လုံးဝကိုရပ်နေတယ်။ ဆီဈေးကလည်း တက်နေတယ်ဆိုတော့ ခရီးသွားက မရှိသလောက်ဘဲ။ ခါတိုင်းလဲ မိုးတွင်းကတော့ ခရီးသွားနည်းတာပေါ့။ ဒီနှစ်ကတော့ လုံးဝကို ပျောက်နေတယ်” ဟု မိုးတွင်းကာလ ဘုရားဖူးခရီးသွား အခြေအနေနှင့် ပတ်သက်၍ ဦးတင်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

မကြာမီကာလအတွင်း မိုးရာသီကုန်ဆုံးတော့မည် ဖြစ်သည့်အပြင် မြန်မာ့ရိုးရာ ယုံကြည်မှုဓလေ့ပွဲတော်များ ပြန်လည်စတင်တော့မည် ဖြစ်သည့်အတွက် ဘုရားဖူးခရီးစဉ် လက်မှတ်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။ 

 

“အခုမှ အလုပ်က ပြန်စတာလေ။ တောင်ပြုံးပွဲကနေစတာ။ တောင်ပြုံးပွဲက ဝါခေါင်မှာလေ။ အခု ဘုရားဖူးသွားမယ့်သူတွေက ပြန်ပြီးလက်မှတ်ဝယ်ကြပြီလေ။ ဒီလထဲမှာဘဲ အဘထွက်ပွဲရှိတယ်လေ။ တော်သလင်းလပြည့်နေဆို ထွက်ကြမှာ။ အဲဒီဟာအတွက်တော့ လက်မှတ်တွေရောင်းနေပြီ” ဟု ဦးတင်ထွေးက ဆက်လက်ပြောကြားသည်။

 

ခရီးသွားလုပ်ငန်းများအနေဖြင့် ဓာတ်ဆီဈေးနှုန်းမြှင့်တက်ခြင်းနှင့်အတူ ဝန်ဆောင်မှုစရိတ်များကြောင့် ခရီးသည်ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုနှစ်တွင် ခရီးသွားယာဉ်အစီးရေ အနည်းငယ်သာ ထွက်နိုင်မည်ဟု မျှော်လင့်နေကြသည်။ ထို့ပြင် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုပေါင်းခရီးသွားလာမှုများ ပေါများလာခြင်း၊ ယာဉ်ငယ်များဖြင့် တစ်ပိုင်တစ်နိုင် သွားလာမှုများရှိသောကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ၏ ခရီးစဉ်များတွင် အနည်းငယ်ထိခိုက်မှုရှိကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ်နှောင်းပိုင်း ပွင့်လင်းရာသီခရီးစဉ်များအဖြစ် ရွှေတောင်ပြုံးပွဲခရီးစဉ်ကို ရာသီအဖွင့်ခရီးစဉ် သတ်မှတ်ထားပြီးနောက်ပိုင်းတွင် မန္တလေးကျောက်စိမ်းဘုရား၊ ကျောက်ဆည်သိမ်တော်ကြီးဘုရား၊ ပြင်ဦးလွှင်၊ ရွှေစာရံ၊ မိုးကုတ်ဘုရားစုံ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပုဂံ၊ ပုပ္ပါး၊ စွယ်တော်လေးဆူ၊ အင်းလေး၊ မွေတော်ကက္ကူ၊ ထမ့်စမ်းဂူ၊ ပင်းတယ၊ တောင်ကြီး၊ လွိုင်ကော်ခရီးစဉ်များကို ခရီးသွားလုပ်ငန်းများက ပို့ဆောင်သွားနိုင်ရန် စီစဉ်ထားလျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း