မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

ကြက်သွန်နီအခွံနား ကပ်ပါလာတတ်တဲ့ မှိုမည်းမည်းလေးတွေ သတိထားမိလား။ မှိုတက်တာက အဖြူ၊ အစိမ်း၊ အမည်း စတဲ့ ရောင်စုံမှိုတွေနဲ့တွေ့ရနိုင်ပါတယ်။ အစားအသောက်မှာပဲဖြစ်ဖြစ်၊ အသုံးအဆောင်နဲ့ အိမ်တွင်းတစ်နေရာမှာပဲဖြစ်ဖြစ် ဘာမှိုမဆို ကိုယ့်အတွက် အန္တရာယ်ရှိတယ်ဆိုတာ သိထားဖို့ အရေးကြီး ပါတယ်။

 

အစားအစာတင်မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီမှိုကထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လိုရောဂါတွေဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြားရောဂါ ပိုးတွေ ကူးစက်ခံရလွယ်စေနိုင်တယ်။

 

မှိုကိုထိမိတာ၊ ရှူမိတာနဲ့ဓာတ်မတည့်တတ်သူမဟုတ်ရင်တောင် မျက်စိ၊ အရေပြား၊ အသက်ရှူ လမ်းကြောင်း၊ လည်ချောင်း၊ အဆုတ်တို့လို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေတာ အမှန်ပါပဲ။ မှိုကြောင့် ဘာတွေဖြစ်လာနိုင်လဲ၊ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ကြည့်ရအောင် –

 

ပုံမှန်အားဖြင့် မှိုတွေကြောင့် –

 

•           ချောင်းဆိုးမယ်

 

•           အသက်ရှူသံတရွှီရွှီမြည်မယ်

 

•           နှာစေးမယ်

 

•           မျက်စိယား/စပ်မယ်

 

•           အသားတွေယားမယ်။

 

တကယ်လို့ မှိုနဲ့ဓာတ်မတည့်သူ ဒါမှမဟုတ် ပန်းနာရင်ကျပ်ရှိသူဆိုရင် –

 

•           ခေါင်းကိုက်တာ

 

•           နုံးတာ

 

•           ညအိပ်ချိန် ချောင်းထထဆိုးတာ

 

•           ထိပ်ကပ်နာဖြစ်လာတာ

 

•           ဓာတ်မတည့်လက္ခဏာတွေဖြစ်လာတာ

 

•           လေပြွန်ရောင်တာ

 

•           ကိုယ်ပူတာ

 

•           အသက်ရှူကျပ်တာ တွေဖြစ်လာနိုင်တယ်။

 

မှိုနဲ့ကြာရှည်ထိတွေ့မယ်၊ မှိုတွေကြားမှာနေလာတာကြာမယ်ဆိုရင်တော့ လက္ခဏာချက်ချင်း မသိသာ ရင်တောင် နောက်ပိုင်းဒါတွေဖြစ်လာနိုင်ပါတယ် –

 

•           ဆံပင်ကျွတ်တာ

 

•           စိုးရိမ်ပူပန်စိတ်များတာ

 

•           မှတ်ဉာဏ်မကောင်းတော့တာ

 

•           ခြေထောက်နဲ့လက် ထုံတာ

 

•           ဗိုက်အောင့်တာ

 

•           အလင်းရောင်မခံနိုင်တာ

 

•           အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တိုးလာတာ(သိပ်မစားဘဲ)

 

•           ကြွက်တက်တာ တွေဖြစ်လာနိုင်ပါတယ်။

 

အဆိုးဆုံးက အဆုတ်ကင်ဆာ၊ အသည်းကင်ဆာတို့လို ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်လာ နိုင်ပါတယ်။

 

ဘယ်သူတွေမှာ ထိခိုက်နိုင်ခြေ ပိုများလဲ

 

ဓာတ်မတည့်ဖြစ်တတ်သူတွေနဲ့ ပန်းနာရင်ကျပ်ရှိသူတွေအပြင် ဒီလူတွေမှာလည်း မှိုနဲ့ပတ်သက်ပြီး စိတ်ပူရပါတယ် –

 

•           ကလေးငယ်တွေ

 

•           အသက်ကြီးသူတွေ

 

•           အိတ်ချ်အိုင်ဗီ၊ ကင်ဆာ၊ အသည်းရောဂါစတဲ့ နာတာရှည်ရောဂါတို့ကြောင့် ကိုယ်ခံအားနည်း သူတွေကို ပိုပြီး ထိခိုက်နိုင်ခြေများပါတယ်။

 

မှိုအန္တရာယ်ကို ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ

 

•           အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပါ။

 

•           ရေချိုးခန်း၊ မီးဖိုခန်း စတဲ့ စိုစွတ်မှုရှိနိုင်တဲ့နေရာမှန်သမျှကို လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။

 

•           အိမ်ကြမ်းပြင်နဲ့ အခန်းထောင့်တွေကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

 

•           ရေယိုစိမ့်တာတွေ ရှိမရှိ မကြာခဏ စစ်ဆေးပါ။

 

•           မှိုတက်နေတာ တွေ့တာနဲ့ အမြန်သန့်စင်ပစ်ပါ။

 

•           မီးဖိုခန်းထဲမှာ ကော်ဇော်မခင်းပါနဲ့။

 

•           စာအုပ်အဟောင်း၊ သတင်းစာဟောင်းတွေကို ခြောက်သွေ့အောင်၊ သန့်ရှင်းသပ်ရပ်အောင် ထားပါ။ မထိန်းသိမ်းနိုင်ရင်၊ မလိုအပ်ရင် စွန့်ပစ်ပါ။ စိုထိုင်းမှုရှိလာရင်မှိုတွေ လွယ်လွယ် ဖြစ်လာနိုင်လို့ပါ။

 

•           ရေစိုဝတ်တွေ၊ စိုထားတဲ့ပစ္စည်းတွေကို ဒီတိုင်းပစ်မထားပါနဲ့။ သေချာသန့်စင်စီမံထားပါ။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်