မိုးတိမ်တောင်ကြောင့် ဖြစ်ပေါ်တတ်သည့် ရာသီဥတုဖြစ်စဉ်များ

ရန်ကုန် ၄ ဧပြီ

 

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာပြည်အနှံ့အပြားတွင် မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသက်လေပြင်း တိုက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ဧပြီ ၃ ရက်က ရန်ကုန်မြို့၌ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 
ထိုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်အား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

 

မေး။ လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာပြည်အနှံ့ ဖြစ်ပွားခဲ့တဲဲ့့ ရာသီဥတုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို သိပါရစေ။

 

ဖြေ။ ဒီဖြစ်စဉ်တွေဟာ ကျွန်တော်တို့အတွက်တော့ မဆန်းဘူး။ မိုးတိမ်တောင်ဆိုတဲ့ တိမ်ကနေ ဖြစ်တဲ့ဖြစ်စဉ်ပဲ။ မိုးတိမ်တောင်ဖြစ်ရင် မိုးသီးကြွေတာတို့၊ မိုးရွာတာတို့၊ မိုးကြိုးပစ်တာတို့၊ လေတိုက်တာတို့ ဒါတွေဖြစ်လေ့ရှိတယ်။ တစ်ခုပဲရှိတယ်။ ဖြစ်တဲ့အချိန်ကာလအားဖြင့် နည်းနည်းစောတယ်။ အရင်တုန်းက ဧပြီလအလယ်လောက်မှာ ဖြစ်လေ့ရှိတယ်။ အခုဟာက မတ်လလောက်ကတည်းက တစ်ခြားနေရာတွေမှာ ဖြစ်နေတယ်။ ဒီနှစ်ကတော့ စောဖြစ်တဲ့ သဘောရှိတယ်။ မတ်လဆိုတာ မြန်မာပြည်မှာတော့ နွေရာသီကာလပေါ့။ နွေရာသီကာလဆိုတာ အပူချိန်ကမြင့်ပြီး မိုးနည်းရမယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်ရမယ်။ လေမှာရေငွေ့ပါဝင်မှု အနည်းဆုံးကာလဖြစ်ရမယ်။ ခါတိုင်းနွေရာသီဆိုရင် ပူတယ်။ မိုးမရွာဘူး။ တစ်ဖြည်းဖြည်းနဲ့ ရေငွေ့ပါတဲ့လေတွေက ဧပြီလဆန်းလောက်မှ စဝင်လာပြီးတော့ လလယ်လောက်ရောက်မှ မိုးတိမ်တောင်ဖြစ်တယ်။ ဧပြီ ၁၅ ကနေ နောက်ပိုင်းကို မိုးကြိုကာလခေါ်တယ်။ မိုးကြိုကာလမှာ ဒီဖြစ်စဉ်တွေ ဖြစ်လေ့ဖြစ်ထရှိတယ်။ 

 

မေး။ ဒီနှစ်မှာ ရာသီဥတု ထူးခြားဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

 

ဖြေ။ ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်ပေါ်မှာရှိတဲ့ လေကဆက်သွားတာပါ။ အရင် ဆောင်းရာသီကာလ ဖေဖော်ဝါရီလလောက်ကတည်းက စပြီးတော့ မြန်မာပြည်ပေါ်မှာရှိတဲ့ လေထဲမှာ ရေငွေ့တွေရှိနေတယ်။ ရေငွေ့ရှိနေတာကို ဂြိုဟ်တု တိုင်းတာချက်တွေမှာ တွေ့နေရတယ်။ လောလောဆယ်ရက်ပိုင်းမှာ ရေငွေ့က ပိုများလာတယ်။ ပိ်ုများလာတော့ နွေရာသီကာလကလည်း ဖြစ်တဲ့အတွက်ကြောင့် မြေပြင်ပူတာနဲ့ အပူချိန် မြင့်တာကတော့ ထုံးစံအတိုင်းရှိတယ်။ ခါတိုင်းကတော့ အောက်ကမြေပြင်ပူရင် အဲဒီအပူကအထက်က လေကို ကူးစက်တတ်တော့ အထက်ကလေကပူရတဲ့အခါ အငွေ့ဆိုတာပူရင်ပွတယ်။ ပွတော့ပေါ့တယ်။ ပေါ့တော့ အပေါ်တက်တယ်။ အပေါ်တက်တော့ အအေးဓာတ်ရတယ်။ အအေးဓာတ်ရပေမယ့် လေထဲမှာရေငွေ့မပါတော့ ဘာမှမဖြစ်ဘူး။ အခုကျတော့ အရင်လိုပဲပူတယ်။ ဒါပေမယ့် လေထဲမှာ ရေငွေ့ပါနေတော့ အအေးဓာတ်ရနေတော့ ရေငွေ့က တိမ်ဖြစ်တာပေါ့။ တိမ်ဖြစ်တဲ့အပြင် အောက်ကအပူက ဆက်တိုက်ပေးနေတော့ တိမ်ကပို၍ ပို၍မြင့်ပြီးတော့ မိုးတိမ်တောင်ဖြစ်လာတယ်။ မိုးတိမ်တောင်ဖြစ်တဲ့အခါမှာ ဒီလိုရာသီဥတုမျိုးဖြစ်တာပါပဲ။ အဲဒါကိုပျံကျမိုးလို့ခေါ်တယ်။

 

မေး။ မြန်မာပြည်မှာ ဖြစ်ပေါ်တတ်တဲ့ မိုးတိမ်တောင်နဲ့ ပတ်သက်ပြီးတော့လဲ သိပါရစေ။

 

ဖြေ။ မြန်မာပြည်မှာ မိုးတိမ်တောင်ဖြစ်တာက သုံးမျိုးသုံးစားတွေ့ရတယ်။ အခုလိုအောက်က မြေပြင်ပူပြင်းလို့ဖြစ်တာကလည်း နေရာအနှံ့တွေ့ရတယ်။ နောက်တစ်ခါ မြန်မာနိ်ုင်ငံမြောက်ဘက်မှာ ဟိမဝန္တာတောင်ဘက်ကနေ ဆောင်းလေတွေတိုက်တယ်။ ဆောင်းလေအေးတွေက မြန်မာနိုင်ငံ မြောက်ဖျားကို ဖြတ်တိုက်တော့ အောက်ကမြေပြင်က နွေရောက်လို့ ပူလာတဲ့အခါ ပူတဲ့မြေပြင်ပေါ်မှာ အေးတဲ့လေဖြတ်တိုက်တော့ လေထုအပေါ် အောက်အပူချိန်က အောက်ကပူတယ်၊ အပေါ်က အေးတယ်ဆိုတော့ သဘာဝက ပြောင်းပြန်ဖြစ်နေတယ်။ လေထုမတည်မငြိမ်ဖြစ်ပြီးတော့ မိုးတိမ်တောင်ဖြစ်တယ်။ ဒီနည်းနဲ့လည်း ဖြစ်နိုင်တယ်။ အခုရက်ပိုင်းမှာ လားရှိုးမှာကျတော့ အရှေ့ဘက်ကလာတာ။ မြန်မာပြည်ရဲ့ အရှေ့ဘက်မှာ ပစိဖိတ်သမုဒ္ဒရာရှိတယ်။ ဖိလစ်ပိုင်နိုင်ငံရှိတယ်။ ဖိလစ်ပိုင်အရှေ့ဘက် ပစိဖိတ်အနောက်ဘက်မှာ တိုင်ဖုန်းမုန်တိုင်းဖြစ်နေတယ်။ အဲဒီမုန်တိုင်းက ဒီဘက်တော့မလာဘူး။ အရှေ့လေတိုက်နေတော့ မြန်မာပြည်က လေအောက်ကျတော့ လေထဲမှာလေဖိအားနည်းရပ်ဝန်း၊ လေဖိအားနည်းချိုင့်ဝှမ်းတို့ ပါလာတော့ လွန်ခဲ့တဲ့ ၃၊ ၄ ရက်က မြန်မာပြည်အရှေ့ပိုင်း ရှမ်းပြည်နယ်ဖက်ကို ထိုင်းဘက်ကနေ တိမ်တိုက်တစ်ခု ချဉ်းကပ်လာတာတွေ့ရတယ်။ အဲဒီတိမ်တိုက်က ရှမ်းကိုဝင်တော့ မိုးတိမ်တောင်ဖြစ်ပြီး မိုးရွာတယ်။ အဲဒီလို သုံးမျိုးသုံးစား လောလောဆယ် တွေ့နေရတယ်။

 

မေး။ မိုးတိမ်တောင်ကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဆရာ။

 

ဖြေ။ မိုးတိမ်တောင်ရဲ့သဘာဝက ဘယ်လိုနည်းပဲဖြစ်ဖြစ် သဘာဝကတော့အတူတူပဲ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မိုးခြိမ်းတယ်။ လျှပ်စီးလက်တယ်။ မိုးသီးကြွေတယ်။ မိုးရွာတယ်။ မိုးကြိုးပစ်တယ်။ လေပြင်းတိုက်တယ်။ အမှန်ကမိုးတိမ်တောင်ရဲ့ ရာသီဥတုက ၁၀ မျိုးဖြစ်တယ်။ မိုးခြိမ်းတယ်။ လျှပ်စီးလက်တယ်။ မိုးရွာတယ်။ မိုးသက်လေပြင်းပါတယ်။ အဲဒါက မိုးတိမ်တောင်ကပေးတဲ့ အခြေခံလေးခု။ မိုးတိမ်တောင် နည်းနည်းအားကောင်းလာရင် ဒီလေးခုအပြင် မိုးသီးကြွေတာရယ်၊ မိုးကြိုးပစ် တာရယ်ဖြစ်တယ်။ သိပ်အားကောင်းတဲ့ မိုးတိမ်တောင်ဖြစ်လာရင် ဒီခြောက်ခုအပြင် လေဆင်နှာမောင်းတိုက်တယ်။ ရေဆင်နှာမောင်းတိ်ုက်တယ်။ နောက် စိုက်ဆင်းလေပြင်းတိုက်တယ်။ ပင်လယ်မီးစုန်းတောက်တယ်။ မိုးတိမ်တောင်ကြောင့် ရာသီဥတု ၁၀ မျိုးဖြစ်နိုင်တယ်။ အခုနောက်ပိုင်း မြန်မာပြည်ရဲ့ ရာသီဥတုပြောင်းလဲလာတော့ မိုးတိမ်တောင်ဖြစ်တဲ့ကာလက မိုးကြိုကာလ မရောက်သေးဘူးဖြစ်နေပြီ။ မိုးတိမ်တောင်တွေ အဖြစ်များတယ်။ အဖြစ်များတော့ မိုးကြိုးပစ်တာတို့၊ လေပြင်းတိုက်တာတို့၊ မိုးသီးကြွေတာတို့၊ နေရာကွက်မိုးကြီးတာတို့ ဒါတွေကနည်းနည်း အဖြစ်များတယ်။ 

 

အဖြစ်များတိုင်းလည်း ဘေးဥပါဒ်အန္တရာယ်တွေ့ရတယ်။ မြန်မာပြည်မှာ မိုးကြိုးပစ်ရင် လူအသေအပျောက်များတယ်။ ဒီတိမ်မျိုးက မိုးရွာရင်ရေပါတယ်။ ကုန်းမြေမြင့်ဖြစ်မယ်။ တောင်ကုန်းဖြစ်မယ်ဆိုရင် ဒီရွာတဲ့မိုးရေကိုထိန်းမယ့် သစ်တောက အရင်လို မရှိတော့တဲ့အတွက် တောင်ပေါ်ကရေက တောင်အောက်ကိ်ု အတားအဆီးမရှိ အရှိန်နဲ့ ဆင်းလာတယ်။ အောက်ရောက်တော့ တောင်ကျရေတွေ ဖြစ်တယ်။ အဲဒါကြောင့် ရေကြီးတာ ခဏခဏဖြစ်တယ်။ မကြာခဏဆိုသလို လေပြင်းလည်းတိုက်တတ်တယ်။ လေကတော့ တစ်နာရီကို ၄၅ မိုင်ကနေမိုင် ၅၀ တိုက်တယ်။ မိုးရွာတဲ့အခါမှာ ရေပါတဲ့အတွက် တစ်ချို့နေရာတွေမှာ မြေပြိုတတ်တယ်။ ကချင်၊ ချင်း၊ ရှမ်းဘက်တွေပေါ့။ မိုးကြိုကာလသဘာဝက မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့အန္တရာယ်တွေရှိတယ်။

 

သိပ်ဆိုးတဲ့နှစ်တွေဆိုရင် စိုက်ဆင်းလေပြင်းတိုက်တတ်တယ်။ အဲဒီလေကတစ်နာရီကို မိုင် ၆၀၊ ၈၀ လောက်တိုက်တဲ့အတွက် အဲဒီအခါမှာ ပြည်တွင်းရေကြောင်းတွေမှာ သင်္ဘောတွေမှောက်တတ်တယ်။ မိုးတိမ်တောင်တွေက မွန်းလွဲ၊ ညနေပိုင်းတွေမှာ ဖြစ်တာများတယ်။ မြစ်ဝကျွန်းပေါ်က သင်္ဘောတွေက ညနေပိုင်းပဲထွက်တော့ ခဏခဏဖြစ်တယ်။ အဲဒီလိုဖြစ်ရင် လူတွေရာနဲ့ချီပြီးသေတယ်။ မိုးတိမ်တောင်ဖြစ်တဲ့ မတ်၊ ဧပြီ၊ မေမှာပဲ ဖြစ်တတ်တဲ့ သဘာဝရှိတယ်။ ဒီရာသီဥတုမျိုးက မေလကုန်လောက်ထိ ဖြစ်နေမှာပဲ။ နေရာအနှံ့ဖြစ်နိုင်တယ်။ လောလောဆယ် မိုးတိမ်တောင် အဖြစ်နည်းတာက ကချင်နဲ့ စစ်ကိုင်းအထက်ပဲ ကျန်တယ်။ နောက်ပိုင်းရောက်လေ ဖြစ်နိုင်ချေရာခိုင်နှုန်း မြင့်တက်လာလေပဲ။

 

ခုလိုပြောကြားပေးတဲ့အတွက် ဆရာ့ကိုကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်း- ရီရီမြင့်၊ ဥမ္မာသန့်