မျိုးသုဉ်းပျောက်ကွယ်လုနီးလာသော  ရေကြက်များ   

 

ငွေအိုး (ကသာ)

 

မြန်မာနိုင်ငံတွင် ဌာနေငှက်မျိုးဖြစ်သည့် ရေကူးကျွမ်းကျင်သော ရေကြက်ငှက်မျိုးများ အင်းအိုင်၊ ချောင်းမြောင်းရှိရာ နေရာဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသော နိုင်ငံဖြစ်သည်။ အဆိုပါငှက်သည် ကိုယ်ခေါင်း အမြီးဟန်ချက်ညီ လှုပ်ရှားပြီး ရေကူးသည့်အခါ ဦးခေါင်းကို ဆတ်ခနဲ တုံးခနဲ မကြာခဏလုပ်၍ အမြီးနှင့် ရေကူးလေ့ရှိသည်။ ခရီးနီးဝေးပျံသန်းပါကလည်း ခြေထောက်တန်းလန်းပြု၍ ပျံသန်းလေ့ရှိသည်မှာ အခြားငှက်များထက် ထူးခြားလှပေသည် ။

 

မွေးမြူရေးနှင့်အိမ်ကြက်များမှာ ညအချိန် အိပ်တန်းဝင်ကြသော်လည်း ရေကြက်ငှက်မှာ ညအခါ ကြယ်ရောင်၊လရောင်ကို အမီပြုကာ သစ်စေ့များ၊ သစ်ရွက်နုများ၊ အဖူးများ၊ ပိုးမွှားများ၊ နှံကောင်နှင့် ခြပိုးကောင်များ၊ ငါးများကို ထိုးဆိတ်ရှာဖွေစားကြပြီး ကျူပင် မြက်ပင် ရေစပ်အနီးနေထိုင်ကာ အသိုက်ဖွဲ့လျက်ရှိသည်။

 

မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ပေါ်အောင်  ကာကွယ်စောင့်ရှောက်သင့်

 

ယခုအခါ ဇီဝမျိုးကွဲနှင့် ဂေဟစနစ်ကို ထိခိုက်ပျက်စီးသွားစေနိုင်သည့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သော မျိုးသုဉ်းကွယ်ပျောက်မှုနှင့် တောပြောင်းနေထိုင်သည့်နှုန်း များပြားလာမှုကြောင့် အနာဂတ်အတွက် ကြုံတွေ့လာနိုင်သော အန္တရာယ်များကို ထိန်းသိမ်းကာကွယ်မှု ပိုမိုဖန်တီးရန်လိုအပ်ခြင်း၊ တိကျတင်းကျပ်သောထိန်းချုပ်မှုစနစ်ဖြင့် အကောင်အထည်ဖော်ခြင်း၊ နည်းဗျူဟာများ ချမှတ်ခြင်းနှင့် စားဝတ်နေရေး အခြေပြု၍ မျိုးပွားမှုနှုန်းကို ထိခိုက်စေသော သတ်ဖြတ်ဖမ်းဆီးနေမှုကို အသေအချာစိစစ်ခြင်း စသည်ဖြင့် အရေးတကြီးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ပေါ်အောင် ကာကွယ်စောင့်ရှောက်သင့်ပါသည်။

 

mdn

 

မိုးတွင်းရာသီ၌ သားပေါက်သော ဌာနေငှက်တစ်မျိုးဖြစ်

 

ရေကြက်ငှက်သည် အနီရောင်နှုတ်သီးရှိပြီး ထိပ်ဖျားအဝါရောင်ရှိသော သင်ပုန်းကျောက် မီးခိုးရောင်ငှက်မျိုးဖြစ်သည်။ ကိုယ် အလျား ၁၄ လက်မခန့်ရှိ၍ တောစပ်များတွင် တွေ့ရသည်။ တစ်ခါတစ်ရံ သစ်ပင်ပေါ်တွင် နားနေတတ်သည်။ မျက်နှာနှင့် အောက်ပိုင်း အဖြူရောင်ရှိသော အနက်ရောင်သမ်းသည့် ငှက်မျိုးဖြစ်သည်။ ရွှံ့နွံတောလယ်ကွင်းစပ်နှင့် ချောင်းများတွင် ကျက်စားတတ်ပြီး မေလနှင့် ဇူလိုင်လအတွင်း သားပေါက်တတ်သည်။ ကြောက်ရွံ့သည့်အခါ အမြီးကို ဆတ်ခနဲ ဆတ်ခနဲ လှုပ်တတ်ကြသည်။ လည်တိုင်နှင့်ခြေထောက်ကို ဆန့်တန်းလျက် ရေပေါ်ပျံသန်းကာ ဦးခေါင်းကို နိမ့်ချည် မြင့်ချည်ပြု လှုပ်၍ ရေကူးလေ့ရှိသည်။ အန္တရာယ်ကြုံလာပါက ရေငုပ်ကာ ပရောက်ဟု စူးစူးရှရှ ကျယ်လောင်စွာ အော်တတ်သည်။ မိုးတွင်းရာသီ၌ သားပေါက်သော ဌာနေငှက်တစ်မျိုးဖြစ်ကြောင်း မြန်မာနိုင်ငံငှက်များအကြောင်းတွင် ရေးသားဖော်ပြထားပါသည်။

 

mdn

 

သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနက ပြည်ထောင်စု မြန်မာနိုင်ငံတော် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၅ (က)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် အာဏာကိုသုံးစွဲ၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊ နို့တိုက်သတ္တဝါများ၊ ငှက်များ၊ တွားသွား သတ္တဝါများ၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊ ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များဥပဒေ ပြဋ္ဌာန်းထားရှိသည်။