မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးကုတ်မြို့နယ်အတွင်း ပျက်စီးမှုများ ဖြစ်ပွား

မိုးကုတ်  ၂၅   ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ဘီးတောင်ရပ်တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် ရေနီချောင်းမြေထိန်းနံရံ ပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မြေထိန်းနံရံအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မိုးကုတ်မြို့တွင် ဇွန် ၂၅ ရက် နံနက်၇ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီခွဲအထိ သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးကြောင့် မိုးကုတ်မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများမှာ မြို့မရပ်ကွက်၊ မြို့လယ်ရပ်ရှိ မြေထိန်းနံရံအလျား ပေ  ၇၀ ခန့်၊ အမြင့်ပေ ၁၀ ပေ၊ အကျယ် ၃ ပေ ပျက်စီးခြင်း၊ မြို့မရပ်ကွက် ၊အောင်နန်းရပ်ရှိ (၃ ခန်း ၂ ခန်း) သွပ်မိုးထရံကာ နှစ်ထပ်လူနေအိမ်အဆောက်အဦ အောက်ထပ် အနောက်ဖက် အလယ်ခန်းထရံပွင့်ထွက်ပြီး မြေပိ၍ ဦးကျော်ဝင်းလင်း ပုခုံးပွန်းပဲ့ဒဏ်ရာ၊ မပိုးဥတွင် ဝဲဖက်ခြေထောက်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ခြင်း၊  မြို့မရပ်ကွက် အောင်နန်းရပ်ရှိ ဦးသီဟနိုင် နေအိမ် နှစ်ခန်းပတ်လည် သွပ်မိုးထရံကာမြေစိုက် အဆောက်အဦ ပြိုကျခြင်း၊ မြို့မရပ်ကွက်၊ အောင်နန်းရပ်ရှိ နေအိမ်များ ကမ်းပါးပြိုကျမည့်အန္တရာယ်များ ရှိနေပါသဖြင့် အဆိုပါနေအိမ်တွင် နေထိုင်ကြသူများအား ရပ်ကွက်ဓမ္မာရုံသို့ ပို့ဆောင်ထားရှိခြင်း၊ ရှောလီဝိုင်းရပ်ကွက်၊ ပိတ်စွယ်နယ်မြေ(၂)တွင် ချောင်းရေလျှံမှုကြောင့် ကျောက်ရိုးများ အက်ကွဲမှုများဖြစ်ပေါ်သဖြင့် နေအိမ်ရှိလူများအား ဘေးကင်းရာသို့ ပို့ဆောင်ပေးခြင်း၊ ပြောင်းပြင်ကျေးရွာအုပ်စု၊ မြေပဲကျေးရွာနှင့် ကိုးလံကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထလမ်း အလျားပေ ၁၄၀၊ အကျယ် ၁၀ ပေ လမ်းသည် လမ်းအောက်ရှိ ကလိုင်ပေါက်များကြောင့် ပေ ၃၀ ခန့် ပြိုကျပျက်စီးခဲ့၊ ရှောလီဝိုင်းရပ်ကွက် ကိစ္စကုတ်ရပ်ရှိ ကျောက်ရိုးများ ပြိုကျပျက်စီးခဲ့ရာ ဦးဇော်ဦး၏ သွပ်မိုးထရံကာ တစ်ထပ်နေအိမ် ပျက်စီးခဲ့ပြီး ဦးဇော်ဦးနေအိမ်မှကျား(၂)ဦး၊ မ ၂ ဦးအား ဘေးကင်းရာသို့ ပြောင်းရွှေ့ထားရှိခြင်း၊  ရှောလီဝိုင်းရပ်ကွက်၊ ဘီးတောင်ရပ်ရှိအလျား ပေ ၆၀၊ အမြင့် ၁၂ ပေ ကျောက်ရိုးပြိုကျခြင်းများဖြစ်ပွားလျှက်ရှိရာ တာဝန်ရှိသူများမှ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြင်ဦးလွင်မြို့နယ်ပြန်ဆက်မှ သတင်းရရှိသည်။

 

MDN