မြို့သစ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၆)ခုဖြင့် ဆောင်ရွက်မည်

မြို့သစ်   ၆  မတ် 

 

မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်  ၊  တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၆) ခုဖြစ်သည့် အထက (၁)  ၊  အထက(၂) ၊  ဝါးကြီးအိုင် (အထက) ၊ လေးတိုင်စင် (အထက)၊ မြို့လုလင် (အထက-ခွဲ) ၊ မြို့မ(လ-ခွဲ)တို့တွင် ကျင်းပမည်ဖြစ်သည်။ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲကို တစ်မြို့နယ်လုံး ဖြေဆိုမည့်သူ ကျား (၁၇၄၈)ဦး နှင့် မ (၂၀၃၄)ဦး စုစုပေါင်း (၃၇၈၂)ဦး ရှိကြောင်း သိရသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲကာလတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက်  စားသောက်ဆိုင် ၊  အရက်ဆိုင်များပိတ်ခြင်း ၊  ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအ တွက်လမ်းများ ယာယီပိတ်ဆို့ခြင်း ၊ လမ်းညွှန်ဆိုင်းဘုတ်များ ထားရှိခြင်း ၊  မီးဘေးအန္တရာယ်ကြောင့် ကျောင်းသား ကျောင်းသူများ အထိတ်တလန့်မဖြစ်စေရန် စာဖြေဌာနများ ၊ ပတ်ဝန်းကျင်ရှိ အိမ်များကို မီးဘေးလုံခြုံရေး   ကြိုတင်စစ်ဆေးခြင်း ၊ စာမေးပွဲကာလအတွင်း   လျှပ်စစ်မီးပြတ်တောက်မှု မရှိ စေရေးနှင့် အသံချဲ့ စက်ဖြင့်အလှူခံခြင်း ၊ ဆောင်းဘောက်ဖြင့် သီချင်းများဖွင့်လှစ်၍ ဆူညံမှုမဖြစ်စေ ရန်   သက်ဆိုင်ရာဌာနများ  ၊  ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးထံမှ သိရသည်။

 

ဝင်းအိဇွန် (ပြန်/ဆက်)