မြို့သစ်မြို့နယ်မှ ဒေသထွက်ခရမ်းချဉ်သီးများ စတင်ထွက်ရှိ၍ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနေ

မြို့သစ် ဇန်နဝါရီ ၁၈

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ဒေသထွက်ကုန် ခရမ်းချဉ်သီးများ ထွက်ရှိလာသဖြင့် စျေးနှုန်းသက်သက်သာစွာဖြင့် ဝယ်ယူရရှိကြောင်း ဒေသခံများထံက သိရသည်။

 

“ကျနော်တို့ အရင်(၂)လလောက်က ရှမ်းပြည်နယ် အောင်ပန်းဘက်ထိ သွားရောက်ဝယ်ယူ ရောင်းချခဲ့ရတယ်။ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၅၀၀ ထိ ရောင်းချခဲ့ရတယ်။ အခု ကျွန်တော်တို့ဒေသက ခရမ်းချဉ်သီးတွေ ကုန်စိမ်းတွေ ပေါပေါများများ ထွက်ရှိလာလို့ ဒီကနေ့ တစ်ပိဿာကို ကျပ် ၁၀၀၀/၁၃၀၀ နဲ့ ရောင်းချပေးနေတယ်” ဟု မြို့သစ်မြို့နယ် စည်ပင်သာယာစျေးကြီးမှ ကုန်စိမ်းရောင်းချသူနေ ဦးသိန်းထိုက်က ပြောသည်။

 

ခရမ်းချဉ်သီးများကို မြို့သစ်မြို့နယ်အတွင်းမှ တလုပ်ပင်ကျေးရွာအုပ်စု၊ အင်းရွာကြီးကျေးရွာအုပ်စု၊ ရွှေပန်းပင်ကျေးရွာအုပ်စုနှင့် ရေကြည်ပင်ကျေးရွာ၊ ဖုတ်ကုန်းကျေးရွာ၊ အိုင်သာညောင်ဇင်ကျေးရွာများမှ ခရမ်းချဉ်သီးနှင့် အခြားကုန်စိမ်းများ ထွက်ရှိကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)