မြို့သစ်မြို့မှ ကိုဗစ် - ၁၉ လူနာအမှတ် (၀၅၃) ဆေးရုံမှ ဆင်းခွင့်ရ

မကွေး  ၃  မေ

 

မကွေးတိုင်းဆေးရုံ၊ ငါးထပ်ဆောင်တွင် ဧပြီ ၁၄ ရက်နေ့မှ မေ ၂ ရက်နေ့ထိ (၁၉) ရက်ကြာ စောင့်ရှောက်မှုပေးထားသော မကွေးတိုင်း၊ မြို့သစ်မြို့မှ ကိုဗစ်-၁၉ လူနာအမှတ် (၀၅၃) အား ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် ကာလအတွင်း နှစ်ကြိမ်စစ်ဆေးခဲ့ရာ နှစ်ကြိမ်လုံး ပိုးမတွေ့ (Negative) အဖြေထွက်ခဲ့သည့်အတွက် မေ (၃) ရက်နေ့တွင် ဆေးရုံဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းဆေးရုံအုပ်ကြီးထံမှ သိရသည်။

                       

“ မကွေးတိုင်းမှာရှိတဲ့ အတည်ပြုလူနာ Case နံပတ် ၀၅၃ ဟာ ပြန်စစ် Negative နှစ်ခါ ဖြစ်တဲ့အတွက် ဆေးရုံက ဆင်းပေးတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေရဲ့ တက်ညီလက်ညီ ကြိုးစားပြီးရလာခဲ့တဲ့ အောင်မြင်မှုတစ်ခုလို့ ပြောရမှာပါ ” ဟု မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောသည်။

 

ကျန်းမာရေးတာဝန်ရှိသူများက ၎င်းအား ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များ နှင့် မြို့သစ်မြို့တွင် Facality Quarantine (၇) ရက်၊ နေအိမ်တွင် Home Quarantine (၇) ရက် ဝင်ရန်မှာကြားခဲ့ပြီး ၎င်း၏ နေရပ်ပြန်ခရီးအတွက် ဂုဏ်ပြုခဲ့ကြသည်။

           

“ ကျွန်တော် အိမ်အရမ်းပြန်ချင်နေပြီ။ ရောဂါပိုးလည်း မတွေ့တော့ဘူးဆိုတော့ အရမ်းကို ဝမ်းသာတယ်။ ဆေးရုံ တက်စဉ်ကာလမှာ စောင့်ရှောက်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုရော မြို့သစ်မြို့နယ် ကိုဗစ်ကော်မတီကိုရော ကျေးဇူးတင် သတိရနေမှာပါ ” ဟု ဆေးရုံဆင်းခွင့်ရသူ ကိုသန်းထွန်းက ဆိုသည်။

           

မြို့သစ်မြို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ၎င်းအား ကြိုဆိုရန် ယနေ့ နံနက် ၁၀ နာရီတွင် မကွေးမြို့၊ ငါးထပ်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် မြို့သစ်မြို့သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)