မင်းလှ၊ ၂၂ ဇန်နဝါရီ
မြို့သစ်အမည်ဖြင့် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ခဲ့ဖူးသော မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ မင်းလှမြို့နယ် အတွင်းရှိ မြို့သစ်ရွာ(ခေါ်)မီးမကူးရွာ၌ ရှေးဟောင်းစေတီတော် ၃၇ ဆူတည်ရှိပြီး ခေတ်ကာလရွေ့လျားကာ စေတီ ၄ ဆူ ပျက်စီးသွားပြီဖြစ်သည့်အတွက် ကျန်စေတီတော်များကို ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
ဗုဒ္ဓဘုရား၏ ဓမ္မခန္ဓာများကို ရည်စူးကာ သာသနာသက္ကရာဇ် ၂၂၄ ခုနှစ်က အသောကမင်းကြီး တည်ထားခဲ့သည် စေတီပေါင်း ၈၄၀ဝ၀ အနက် တစ်ဆူအပါဝင်ဖြစ်သော ရွှေမုဋ္ဌောစေတီတော်ကြီးကို မင်းလှ၊ မြကင်းတောင်ဆရာတော်ကြီးက ပြုပြင်ထိန်းသိမ်းခဲ့ပြီး ကျန်စေတီများမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာလျက်ရှိသည်။
“ကျွန်တော်တို့ဒေသမှာ ပတ္တံလို့ခေါ်တဲ့ ပျူမြို့ဟောင်းတစ်ခု ရှိခဲ့ဖူးတယ်လို့ အဆက်ဆက်က မှတ်သားလာခဲ့ ပါတယ်။ ပတ္တံမြို့တိမ်ကောလာတော့ သရက်အုပ်ရွာတောင်ဘက်မှာ ညောင်ကိုးပင် မြို့ဆိုပြီး ပထမဘုရင်မင်းခေါင်က တည်ခဲ့ပါတယ်။ ဒီမြို့သက်တမ်းကုန်တော့ အခုလက်ရှိနေရာမှာ မြို့သစ်မြို့ကို တည်ခဲ့တာပါ။ ရှေဟောင်းလက်ရာ ဘုရားစေတီတွေဟာ ဘာသာတရားနဲ့ သမိုင်းတန်ဖိုးရှိမန်းသိကြပေမယ့် ပြင်နိုင်တဲ့အင်အားမရှိတော့ ပျက်ဆီးလာနေပါတယ်။ ဒါကို တာဝန်ရှိသူများသိပြီး ထိန်းသိမ်းပေးစေချင်ပါတယ် ” ဟု မြို့သစ်ရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းက ပြောသည်။
မြို့သစ်မြို့တည်ရှိစဉ်က အလွန်စည်ကားပြီး ပုပ္ပါရုံ ၊ မာလာရုံ ၊ ဓမ္မာရုံ ၊ ဇေယျာရုံ ဆိုသည့် ကျောင်းတိုက်ကြီး ၄ ခု ရှိခဲ့ဖူးကြောင်း ၊ မြို့သစ်မတိုင်မီ ညောင်ကိုးပင်မြို့သူ မမင်းစံကို ဘုရင်မင်းခေါင်က မိဖုရားအဖြစ် တော်ကောက်ခဲ့ပြီး လွမ်းစေတီ တစ်ဆူတည်ခဲ့သော်လည်း ယနေ့အချိန်တွင် ပြိုကျပျက်ဆီးနေပြီဖြစ်ကြောင်း ၊ သမိုင်းသုတေသီများက မြို့သစ်ရွာသို့ လာရောက် လေ့လာမှုများ ရှိခဲ့ဖူးကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးလှကြိုင်ထံက သိရသည်။
ရွာအနီးတွင် တောမီးများလောင်လေ့ရှိသော်လည်း ရွာထဲသို့ ကူးစက်လောင်ကျွမ်းခြင်း တစ်ကြိမ် တစ်ခါမျှ မရှိခြင်း ၊ ရွာအတွင်း၌ ချက်ပြုတ်စားသောက်ရာတွင် မီးလောင်မီးလန့်မှုမရှိခြင်း ၊ ရွာအပြင်မှ မီးကို ရွာထဲဖြစ်စေ ၊ ရွာထဲမှမီးကို ရွာပြင်သို့ဖြစ်စေ ကူးညှိ၍မရခြင်း ၊ လျှပ်စစ်မီးကိုပင် ရွာပြင်နှင့် ကြိုးသွယ်တန်းကာ ထွန်း၍မရခြင်း စသည့်ထူးခြားချက်များကြောင့် မြို့သစ်ရွာကို မီးမကူးရွာဟု တင်စားခေါ်ခဲ့ကြကြောင်း ဒေသခံများထံက သိရသည်။
မင်းလှမြို့နယ်အတွင်း တည်ရှိပြီး ပုသိမ်-မုံရွာ ကားလမ်း ပဒါန်းနှင့်ရှမ်းတပ်အကြား မိုင်တိုင်အမှတ် ၂၁၁ မိုင် ၊ ၃ ဖာလုံ အရောက်တွင် လမ်း၏အနောက်ဘက်သို့ မြေနီလမ်းအတိုင်း ၁ မိုင် ၆ ဖာလုံ ထပ်၍ ဝင်ရသည့် မြို့သစ်ရွာသို့ သွားရောက် လေ့လာရန် အစီအစဉ်ရှိကြောင်း မကွေးတိုင်း ရှေးဟောင်း သုတေသန ဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးရဲလွင်ထံက သိရှိရသည်။
ဇေယျတု(မကွေး)


