မိုးရာသီကျောင်းသားနှင့် ပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေရန် WATER BUS ခရီးစဉ်တိုးချဲ့ပြေးဆွဲ

ရန်ကုန် ၁၈ ဇွန်

 

မိုးမပြတ်သောကြောင့် ရန်ကုန်မြို့၏ မြစ်ကူးချောင်းကူးမြို့နယ်များမှ ကျောင်းသားကျောင်းသူတို့နှင့်ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် Yangon Water Bus ခရီးစဉ်ကို ရန်ကုန်ဗိုလ်တထောင်ဆိပ်ကမ်းမှ ဒလဘက်ကမ်းရှိ ဆာဗာချောင်သို့ဇွန် (၁၁)ရက်နေ့က စ၍ ပြေးဆွဲလျှက်ရှိရာ အံ့ကြီးကမ်းခြေ၊သမ္မတကမ်းခြေတို့ကို ယခုတစ်ပတ်အတွင်း ပြေးဆွဲသွားမည်ဖြစ်ပြီး ဗိုလ်ရန်ပြေဆိပ်ကမ်းနှင့် ကမာကဆစ် ဆိပ်ကမ်းတွင် ဂျက်တီတည်ဆောက်ပြီးပါက ဆက်လက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း Yangon Water Bus ရုံးမှ သိရသည်။

 

 “ကျွန်တော်တို့ တနင်္ဂနွေနေ့ တွံတေးဘုရားခရီးစဉ်ကို ပြီးခဲ့တဲ့ ၁၇ ရက်နေ့က ခရီးစဉ်ပြင်ဆင်ခဲ့ပေမယ့် ရာဦဥတုကြောင့် ဖျက်ခဲ့တယ်။ လာမယ့်ရက်လည်း မဖြစ်နိုင်သေးဘူးထင်တယ်။ မိုးရာသီကျောင်းသားကျောင်းသူတွေနဲ့ အလုပ်ဆင်းတဲ့ ပြည်သူတွေ ခရီးသွားလာရေး အဆင်ပြေချောမွေ့အောင် ဇွန်(၁၁)ရက်နေ့က ဒလဘက်ကမ်းကဆာဗာချောင်ကို လမ်းသစ်ဆိပ်ကမ်းကနေ တိုးချဲ့ပြေးဆွဲပါတယ်။ ကျပ်(၃၀ဝ)ခရီးစဉ်ကို ကျောင်းသားနဲ့ဆရာ၊ ဆရာမတွေအတွက် ကျပ်(၂၀ဝ)ပဲယူပါတယ်။ ပြီးတော့ဒလဘက်ကမ်းက သမ္မတကမ်းခြေ၊ အံကြီးကမ်းခြေမှာ ဆိပ်ခံဗောရှိတဲ့အတွက် လာမယ့် တစ်ပတ်အတွင်း ပြေးဆွဲပြီးတော့ ဗိုလ်ရန်ပြေဆိပ်ကမ်းနဲ့ ကမာကဆစ်ဆိပ်ကမ်းကတော့ ဆိပ်ခံဗောတည်ဆောက်ပြီးမှ ပြေးဆွဲ ဖို့ရှိပါတယ်” ဟု Yangon Water Bus ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကုန်မြစ်ကို ဖြတ်သန်း၍ ရန်ကုန်မြို့သို့ အလုပ်လုပ်ကိုင်ကြသော ပြည်သူများနှင့်ကျောင်းသားကျောင်းသူတို့ ရေလမ်းခရီးသွားလာရေး အန္တရာယ်ကင်းရှင်းစေရန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် ဌာနဆိုင်ရာတို့မှ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးကို အထူးလိုလားလျှက်ရှိပြီး ရန်ကုန် Water Bus ပြေးဆွဲနိုင်ရန် လိုလားနေခြင်းဖြစ်သည်။

 

ကမာကဆစ်နှင့်ဗိုလ်ရန်ပြေဆိပ်ကမ်းတွင် ရေယာဉ်ဆိုက်ကပ်နိုင်ရန်ဆိပ်ခံဗောတ ည်ဆောက်ပြီးပါက ဝါးတားဘတ်စ်ဖြင့် ရန်ကုန်ဆိပ်ကမ်းမှ ဒလဘက်ကမ်းသို့ ဆိပ်ခံ(၅) ခုမှ ခရီးသည်များ စိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာနိုင်မည်ဖြစ်ပြီး ယခုလို မိုးရာသီတွင်ကျောင်းသား၊ ကျောင်းသူနှင့်ဆရာ၊ ဆရာများ ရန်ကုန်မြစ်ဖြတ်၍ သွားလာရာတွင် အန္တရာယ်ကင်းရှင်းစေရန် တိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်းနှင့် ၄င်းတို့စီးခအား ကျပ်တစ်ရာလျော့၍ ကောက်ခံထားကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး