မိုးရာသီကာလ ငမိုးရိပ်ချောင်း (တောင်ဥက္ကလာပဘက်ခြမ်း) ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

ရန်ကုန် ၃၁ ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ဘေလီတံတားအနီးရှိ ပါရမီလမ်းနှင့် ရွှေပြည်ခိုင်ညာလမ်း ငမိုးရိပ်ချောင်း (တောင်ဥက္ကလာပဘက်ခြမ်း) ၌ ဆောင်ရွက်နေသော မိုးရာသီကာလ ကမ်းပြိုကမ်းစားကာကွယ်ရေးလုပ်ငန်းကို သြဂုတ်လကုန်တွင် အပြီးဆောင်ရွက်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ (၁) မှ သိရသည်။

“စီမံကိန်း လုပ်ငန်းပြီးစီးမှုအနေနဲ့ ရာနှုန်းပြည့်နီးပါး ပြီးစီးပါပြီ။ ဒီစီမံကိန်းက ဒီနှစ်ဘတ်ဂျက်မှာ ဆောင်ရွက်တဲ့ ငမိုးရိပ်ချောင်းရဲ့ ကွေ့ ၅ ကွေ့ စီမံကိန်းထဲက တစ်ခုအပါအဝင်ပါ။ သြဂုတ်လကုန်ပိုင်းလောက်ကို ပြီးစီးဖို့လျာထား ဆောင်ရွက်နေတယ်။ ကျန်တဲ့ကွေ့တွေလဲ ဩဂုတ်လကုန်ပိုင်းလောက် အပြီးဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒီလို ကမ်းပြိုတဲ့အကြောင်းက ရေနက်စီးကြောင်းရှိတဲ့အတွက် ကမ်းတစ်ဖက်တစ်ချက်မှာ Basic Level တိုက်စားခံရတယ်။ မြစ်ကွေးရဲ့ အပြင်ဘက်မှာ ကမ်းတွေရှိနေတာတွေကြောင့် တိုက်စားခံရတာပါ။ မြေသားညံ့တဲ့နေရာတွေမှာလည်း တိုက်စားခံရတာပါ။ ဒီနေရာတွေကို ကွန်ကရစ်ပစ္စည်းတွေ အသုံးပြုပြီးလုပ်နေတယ်။ ဒါတွေ ရေရှည်တည်တံ့ဖို့က ကမ်းပါးတွေကို ထိန်းနိုင်မယ့် ဒီရေတောအပင်တွေ စိုက်ပျိုးသွားဖို့ရှိတယ်။ ပတ်ဝန်းကျင်အနေနဲ့ကလည်း ဒီလိုကမ်းပါးထိန်း ဆောင်ရွက်ထားတဲ့ နေရာတွေမှာ အမှိုက်တွေမပစ်ဖို့ သတိပေးလိုပါတယ်။ အမှိုက်တွေ၊ စွန့်ပစ်ပစ္စည်းတွေကြောင့် ကြွက်တွေလာအောင်းမယ်။ မြေကြီးတွေကို ကြွက်ဖောက်မယ်ဆိုရင် တွင်းတွေ၊ ဂလိုင်တွေဖြစ်ပြီး ကြာရှည်လာရင် ကမ်းပြိုမှုကို အားပေးရာရောက်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ (၁) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းလှိုင်ကပြောသည်။

ငမိုးရိပ်ချောင်း(တောင်ဥက္ကလာပဘက်ခြမ်း) ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် တင်ဒါ အောင်မြင်သော စံညွှန်းသစ်ကုမ္ပဏီက တာဝန်ယူကာ မတ် ၁၀ ရက်မှ စတင်ဆောင်ရွက်ပြီး သြဂုတ်လကုန်ပိုင်းအပြီး ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ ထိုကမ်းပြိုကာကွယ်ရေး စီမံကိန်းသည် ဘိုးပိုင်အခြေပြု ကျောက်စီ မြေထိန်းနံရံတည်ဆောက်ရေး စီမံကိန်းဖြစ်သည်။ တောင်ဥက္ကလာပမြို့နယ်(၁၅)ရပ်ကွက် ဘေလီတံတား ရွှေပြည်ခိုင်ညာလမ်းအနီးမှ အလျား ၁၂၇၅ ပေကို တင်ဒါအောင်သည့် တန်ဖိုးကုန်ကျငွေကျပ် ၁၂၀၅ သန်းဖြင့် ဆောင်ရွက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၁)မှ သိရသည်။

ထိုစီမံကိန်းပြီးစီးလျှင် ငမိုးရိပ်ချောင်းနှင့် ထိစပ်နေသော တောင်ဥက္ကလာပ မြို့နယ် (၁၅) ရပ်ကွက်နှင့် ချောင်းကမ်းတစ်လျှောက်နေရာများသည် ရေကြီးရေလျှံမှုများကို လျှော့ချကာကွယ်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် ငမိုးရိပ်ချောင်း၌ ဆောင်ရွက်နေသော ကမ်းပြိုကမ်းစား ကာကွယ်ရေးလုပ်ငန်းများသည် ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၁)၏ ငမိုးရိပ်ချောင်းအတွင်း တတိယနှစ် ကွေ့ ၅ ကွေ့ စီမံချက်အဖြစ် ဖော်ဆောင်နေခြင်းဖြစ်သည်။ ထိုကမ်းပြိုကာကွယ်ရေး စီမံကိန်း ကွေ့ ၅ ကွေ့ပြီးစီးလျှင် ယခုနှစ်တွင် ကွေ့ပေါင်း ၁၅ ကွေ့ ပြီးစီးမည်ဖြစ်ပြီး ထပ်မံကျန်ရှိနေသော ကွေ့ ၁၀ ကွေ့ကို လာမည့်နှစ်များတွင် ဘတ်ဂျက်ငွေရရှိမှုပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်