မြို့ပြဖွံ့ဖြိုးမှုမှသည် နိုင်ငံ့ဖွံ့ဖြိုးမှုဆီသို့

ဟေမာန်(မြို့ပြ)

ကမ္ဘာ့ကုလသမဂ္ဂက အောက်တိုဘာလ ၃၁ ရက်နေ့ကို ကမ္ဘာ့မြို့ကြီးများနေ့အဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ၂၀၁၄ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ ဥဿဖရားရတုတိုင်ခဲ့ပေပြီ။ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်ဝင်စားမှုကိုမြှင့်တင်ရန်၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို သတိပြုမိစေရန်နှင့် ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ပင်ဖြစ်ပါသည်။

ကမ္ဘာ့မြို့ကြီးများနေ့အတွက် ယေဘုယျဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သောမြို့၊ ပိုမို ကောင်းမွန်သောဘဝ (Better City, Better Life)” ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့မြို့ကြီးများနေ့ကို ကျင်းပရာတွင် ပြောင်းလဲလျက်ရှိသော ကမ္ဘာ့ရေးရာ စိန်ခေါ်မှုများအလိုက် ဆောင်ပုဒ်ခွဲများ သတ်မှတ်ရွေးချယ်ခဲ့ကြရာမှ ယခုနှစ်အတွက် ဆောင်ပုဒ်ခွဲမှာ “ကာလဒေသနှင့် ကိုက်ညီသော မြို့ပြဖွံ့ဖြိုးရေးမှသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုဆီသို့ (Act Local to Go Global)” ဟူ၍ ဖြစ်ပေသည်။

ကမ္ဘာ့မြို့ကြီးများနေ့သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁၇ ခုအနက် ပန်းတိုင် အမှတ်စဉ် - ၁၁၊ မြို့များနှင့် လူ့အဖွဲ့အစည်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးပေါ်ပေါက်လာစေရေး (Sustainable Development Goal 11, Sustainable Cities and Communities) ဟူသည့် ပန်းတိုင်နှင့် ကိုက်ညီနေပါသည်။ 

မြို့များ ပထမဦးဆုံးပေါ်ပေါက်လာခဲ့ကြ

ဘီစီ ၇၅၀၀ ဝန်းကျင်က မီဆိုပိုတေးမီးယား (Mesopotamia) ဒေသရှိ တီဂရစ်နှင့် ယူဖရေးတီး မြစ်များကြား မြေသြဇာကောင်းသော နယ်မြေများတွင် မြို့များ ပထမဦးဆုံးပေါ်ပေါက်လာခဲ့ကြသည်။ ၎င်းနောက်များမကြာမီ အီဂျစ်နိုင်ငံရှိ နိုင်းမြစ်၊ အိန္ဒိယနိုင်ငံရှိ အိန္ဒုမြစ်နှင့် တရုတ်နိုင်ငံရှိ Huang He မြစ်တို့၏ကမ်းနားတစ်လျှောက်တွင် မြို့များ အစီအရီပေါ်ပေါက်လာခဲ့ကြပြန်သည်။ 

ကမ္ဘာဦးလူသားများသည် ခြေသလုံးအိမ်တိုင်ဖြင့် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေရာမှ မြေဩဇာကောင်းမွန်သောမြို့ကြီးများတွင် အခြေ ချနေထိုင်လာခဲ့ကြသည်။ ထောင်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ မြို့များသည် အတွေ့အကြုံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ကြရာ မီဆိုပိုတေးမီးယားဒေသက အပျက်အစီးပုံများဖြစ်သွားပြီး အိန္ဒုချိုင့်ဝှမ်းက ကန္တာရကြီးအဖြစ်ပြောင်းလဲသွားကာ ရောမမြို့သည်လည်း ဆုတ်ယုတ်လိုက် တိုးတက်လိုက်ဖြင့် သမိုင်းခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ မြို့များ၏သဘောသဘာဝမှာမူ ကြီးထွားမြဲ၊ ဖွံ့ဖြိုးမြဲဖြစ်ပြီး ပျောက်ကွယ်သွား သည်ဟူ၍မရှိခဲ့ပေ။

သမိုင်းတစ်လျှောက် စက်မှုတော်လှန်ရေးများ ဖြစ်ပွားစဉ်အခါများ၌ စက်ရုံအလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းရှာဖွေကြရန် နေရာဒေသအလိုက် ပြန့်ကြဲနေထိုင်သောလူများကို မြို့ကြီးများသို့ စုဝေးရောက်ရှိလာအောင် တွန်းပို့ခဲ့သည်။ ယခုအခါ ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ခန့်သည် မြို့ပြများတွင် နေထိုင်လျက်ရှိနေကြပြီး ဤမြို့များ ဆက်လက်ရှင်သန်ဖွံ့ဖြိုးရန်မှာမူ ယခင်ကထက် ပိုမိုအရေးကြီးလာပါသည်။ 

ဗဟိုချက်နေရာများဖြစ်

မြို့ကြီးများသည် သမိုင်းတစ်လျှောက် ကုန်သွယ်မှု၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည်တို့ဖွံ့ဖြိုးရာ ဗဟိုချက်နေရာများဖြစ်ကြပေသည်။ မြို့ပြများသည် ကမ္ဘာပေါ်ရှိ စုစုပေါင်း ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေပြီး ဒေသတွင်းစီးပွားရေးတိုးတက်မှုကို အရှိန်အဟုန်ဖြင့် ပံ့ပိုးပေးနိုင်ပါသည်။ ကောင်းမွန်စွာစီမံခန့်ခွဲနိုင်လျှင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် မြို့များ၏ ကုန်ထုတ်စွမ်းအားကို တိုးမြင့်စေပြီး နိုင်ငံ့စီးပွားရေးကို တိုးတက်စေသည့် တွန်းအားတစ်ခုဖြစ်လာနိုင်ပေသည်။

မြို့များကို ‘ကျုံ့’ လာစေ

အခြားတစ်ဖက်တွင်မူ ဘေးကင်းလုံခြုံမှု မရှိခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့မှ အစပြုဖြစ်ပေါ်လာသော စီးပွားရေး ကျဆင်းမှုများကြောင့် မြို့များကို ‘ကျုံ့’ လာစေသည်။ ထိုအခါ မြို့နေလူဦးရေအများစုသည် ပိုမိုကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းများနှင့် လုံခြုံသောအခြေအနေများရရှိရန် အခြားမြို့ပြ နယ်မြေဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။ စီးပွားရေးကျဆင်းမှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ကျုံ့သွားသောမြို့များ (Shrinking Cities) ဖြစ်ပေါ်လာနိုင်ပြီး မိရိုးဖလာကုန်ထုတ် လုပ်ငန်းများ ပျောက်ကွယ်သွားလေ့ရှိရုံမျှမက စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်း (Economic Competitiveness) ကျဆင်းမှုမှသည် နိုင်ငံ့စီးပွား ရေးတိုးတက်မှုနှုန်းကိုပါ ထိခိုက်စေနိုင်သည်။

စီမံကိန်းပုံစံ စနစ်တကျ ကြိုတင်ရေးဆွဲထားခြင်းမရှိသော မြို့ပြအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ (Poorly Planned Urbanization Processes) သည် လူမှုစီးပွားစနစ်များအကြား ချိတ်ဆက်မှုပြတ်တောက်ကာ ဘေးကင်းလုံခြုံ ယုံကြည်စိတ်ချရခြင်းကင်းသော မြို့ပြများအဖြစ် ပေါ်ထွက်လာစေပါသည်။

မြို့ပြများ၏ စီးပွားရေးအရ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို ဖော်ဆောင်ရာ၌ ရာသီဥတုနှင့် သဘာဝဘေးဒဏ်ခံနိုင်ရေး ဆောင်ရွက်ချက်များကိုလည်း ချန်လှပ်ထား၍မရပေ။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုနှင့် သဘာဝဘေးဒဏ်များကြောင့် နှစ်စဉ် ဆုံးရှုံးရသည့်ပမာဏမှာ စုစုပေါင်းကမ္ဘာ့ထုတ်ကုန် ပမာဏ၏ လေးရာခိုင်နှုန်းခန့်ရှိနေပြီး ယခုနှုန်းထားအတိုင်း ဆက်လက်ဖြစ်ပေါ်မည်ဆိုပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် စုစုပေါင်းကမ္ဘာ့ထုတ်ကုန် ပမာဏ၏ ၁၈ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးရနိုင်ခြေရှိသည်ဟု ပညာရှင်များက ခန့်မှန်းထားကြသော ကြောင့်ပင်ဖြစ်သည်။

ကျိုးကြောင်းလျော်ညီစွာပင် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ရေးဆွဲသော မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းပုံစံများက မြို့၏လူမှုစီးပွား ပတ်ဝန်းကျင်အပေါ် ရိုက်ခတ်လာနိုင်သည့် အကြောင်းခြင်းရာအမျိုးမျိုးကို ခံနိုင်ရည်ရှိသော မြို့ပြအနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် လွန်စွာအရေးပါလာတော့သည်။

အခြေခံမောင်းနှင်အားဖြစ်လာ

မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းပုံစံများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်သော မြို့ပြစီးပွားရေး တိုးတက်မှုအတွက် အခြေခံမောင်းနှင်အားဖြစ်လာ ပြီး စီးပွားရေး အခွင့်အလမ်းသစ်များ အတွက်လည်း အထောက်အကူဖြစ်စေပါသည်။ ကောင်းမွန်သည့် စီမံကိန်းပုံစံရေးဆွဲထားပြီး စီမံခန့်ခွဲနေသည့် မြို့များသည်သာလျှင် စီးပွားရေးလုပ်ငန်းများ၏ စုဝေး တိုးတက်ခြင်းသဘောအရ (Agglomeration Economy) အကျိုးကျေးဇူးများကို ရယူတိုးပွားစေ နိုင်ပါသည်။ ပြန့်ကြဲပြီး အချိတ်အဆက်မရှိသော မြို့များ (Disconnected and Fragmented Cities) အဖြစ်သာ ဆက်လက်ကြီးထွားနေပါက စီးပွားရေး အခွင့်အလမ်းများ လက်လွတ်သွားမည်ဖြစ်ပါသည်။ 

မြို့ပြစီးပွားရေး ကြံ့ကြံ့ခံနိုင်ရည်ရှိမှု (Urban Economic Resilience) ဟူသည် စီးပွားရေးအတွက် အနုတ်လက္ခဏာဆောင်သော လှုပ်ခတ်မှုများကို ကြိုတင်ခန့်မှန်းကာ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများကို ဖြန့်ဝေချထားနိုင်ခြင်း (Risk Sharing)၊ အရင်းအမြစ်များကို ကြိုတင်စုဆောင်းခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားခြင်းဖြင့် မြို့သူမြို့သားများ၏ လူမှုစီးပွားဘဝကို ကာကွယ်ပေးခြင်းပင် ဖြစ်သည်။

မဏ္ဍိုင်လေးရပ်

စီးပွားရေးအသိုက်အဝန်း၊ စီးပွားရေးကဏ္ဍကို စီမံခန့်ခွဲသည့်စနစ်ပုံစံ၊ အလုပ်သမားစျေးကွက် အခြေအနေများနှင့် ငွေကြေးဆိုင်ရာအစီအမံများ ဟူသည့် မဏ္ဍိုင်လေးရပ်သည် ပြင်ပရိုက်ခတ်မှု အမျိုးမျိုးကို ခံနိုင်ရည်ရှိသော မြို့ပြစီးပွားရေးနှင့် အောင်မြင်သောမြို့ပြအနာဂတ် (Resilient Urban Economies and Productive Urban Futures) ကို တည်ဆောက်ရန်အတွက် အရေးကြီးပေသည်။ ဤမဏ္ဍိုင်လေးရပ်ကို မြို့တစ်မြို့ချင်းစီအလိုက် လိုက်လျောညီထွေရှိစေရန်မှာမူ မြို့ပြစီမံကိန်းပုံစံရေးဆွဲသူများနှင့် မြို့ပြစီမံခန့်ခွဲသူများက ကြိုးပမ်းကြရမည်။

ထို့ကြောင့်ပင် “ကာလဒေသနှင့်ကိုက်ညီသော မြို့ပြဖွံ့ဖြိုးရေးမှသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုဆီသို့” ဟူသည့်ဆောင်ပုဒ်ခွဲသည် အစိုးရအဆင့်ဆင့် တာဝန်ရှိသူများအားလုံးနှင့် မြို့ပြစီမံကိန်း ရေးဆွဲသူများအတွက် သာမက မြို့၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူများအပါအဝင် မြို့သူမြို့သားအားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက် ရမည့်လမ်းကြောင်းကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်ပေသည်။

ကြိုတင်ပြင်ဆင် စီစဉ်ထားခြင်းမရှိသည့် မြို့ပြအသွင် ကူးပြောင်းမှုပုံစံများက အပူလှိုင်းနှင့် မိုးရွာ သွန်းမှုကဲ့သို့သော သက်ရောက်မှုများကို ပိုမိုဆိုးရွား စေနိုင်သည်။ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများသည် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းများ မကြာခဏကျရောက်တတ်ခြင်း ကဲ့သို့သော ရာသီဥတုဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို ခံစားနေကြရပါသည်။ ကောင်းမွန်ပြည့်စုံပြီး ဒေသနှင့်ကိုက်ညီသည့် စီမံကိန်းပုံစံ ရေးဆွဲပြင်ဆင်အုပ်ချုပ်သောမြို့ပြနှင့် ဒေသများသည်သာ ရာသီဥတုဆိုင်ရာဘေးအန္တရာယ် များကို ကြံ့ကြံ့ခံနိုင်စွမ်းရှိစေပါသည်။ ထို့ကြောင့်ပင် မြို့ပြများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်မှုများတွင် ယခုထက် နောက်မကျစေဘဲ ရှေ့တန်းမှအင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရပါမည်။ 

ယင်းသို့ ဆောင်ရွက်ကြရာ၌ မြို့ပြဒေသများရှိ လူမှုစီးပွားဆိုင်ရာ အမူအကျင့်များပြောင်းလဲခြင်း (ဥပမာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အများသူငါ သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် ကိုယ်ပိုင်ကားအသုံးပြုမှုများကို လျှော့ချခြင်း) ကပင်လျှင် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှု၏ လေးရာခိုင်နှုန်းခန့်ကို လျှော့ချနိုင်သည်ဟု ဆိုကြပါသည်။ မြို့ပြများရှိ အခြေခံအဆောက်အအုံများကို ပြောင်းလဲနေသော အနာဂတ်ရာသီဥတုအခြေအနေများကို ခံနိုင်ရည်ရှိစေရန် ရာသီဥတုဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံများ (Climate-resilient infrastructure) အဖြစ် စီစဉ်ရေးဆွဲဒီဇိုင်းပုံထုတ် အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။ မြို့ပြ သယ်ယူပို့ဆောင်ရေးပုံစံ ပြောင်းလဲခြင်း၊ မြို့ပြအခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်ကို ထိရောက်စွာ အသုံးချခြင်းတို့ဖြင့် မြို့ပြများတွင် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်ပါသည်။ 

ကြိုတင်စီမံကိန်းချတည်ဆောက်

လမ်းလျှောက်သွားလာရ လွယ်ကူစေသော၊ အပူဒဏ်လျှော့ချစေသော၊ စွမ်းအင်သုံးစွဲမှု လျော့နည်းသော၊ ပိုမိုစိမ်းလန်းသောမြို့ပြများကို ကြိုတင်စီမံ ကိန်းချတည်ဆောက်ခြင်းဖြင့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး သဘာဝဘေးကြောင့် ဖြစ်ပွားရသော ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရုံမျှမက မြို့ပြလူနေမှုအဆင့်အတန်းကိုပါ သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။ (ဥပမာ - အများပြည်သူအတွက် ဝန်ဆောင်မှုပေးသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် အများပြည်သူ၏ ဝင်ငွေနှင့် လျော်ညီသောအိမ်ရာများ တည်ဆောက်ခြင်းတို့ဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း၊ ရာဇဝတ်မှုဖြစ်ပွားသည့်နှုန်းနှင့် ဆင်းရဲမွဲတေမှုနှုန်းကို ထိထိရောက်ရောက် လျှော့ချနိုင်ခြင်း၊ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင် ဖြစ်လာသည့်အတွက် မြို့ကိုပိုမိုသာယာနေပျော်ဖွယ် ရာရှိလာစေခြင်းတို့ ဖြစ်ပေသည်။)

ကိုဗစ်-၁၉ ကပ်ရောဂါကပေးသော သင်ခန်းစာများအရ ကျွန်ုပ်တို့သည် ပိုမို၍လူသားဆန်သော၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော၊ လုံခြုံသော လူမှုပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်အခြေအနေများကို ဖန်တီးရန် လိုအပ်လျက်ရှိနေပါပြီ။ 

ကဏ္ဍစုံပေါင်းစည်းပါဝင်ပြီး ပိုမိုကျစ်လျစ် ထိရောက်သော မြို့ပြစီမံကိန်းပုံစံကသာလျှင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ပြီး မြို့ပြများ၏ လူမှုစီးပွားအခြေအနေများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေနိုင်သည်မှာ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်။ ကဏ္ဍစုံ ပေါင်းစည်းပါဝင်သော မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းပုံစံ (Integrated Spatial Planning) သည် နိုင်ငံတစ်နိုင်ငံ၏ ကဏ္ဍစုံဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်အရေးပါပါသည်။

သို့ဖြစ်ရာ မြို့ပြစီမံခန့်ခွဲသူများအနေဖြင့် မိမိတို့ဒေသ၊ အခြေအနေများ၊ ရရှိနိုင်သောအရင်းအမြစ်များနှင့် လျော်ညီသော မြို့ပြသယ်ယူပို့ဆောင်ရေး နည်းလမ်းများ၊ အခြေခံအဆောက်အအုံများနှင့် နည်းပညာများအသုံးချနိုင်မည့် နည်းလမ်းများကို တီထွင်ကြံဆရပါတော့မည်။

မြို့ပြဧရိယာများ စီမံခန့်ခွဲရေးကို ဦးစားပေးပူးပေါင်းဆောင်ရွက်သင့်

သို့ပါသော်လည်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော၊ စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော၊ နေပျော်ဖွယ်ရာဖြစ်သော မြို့ပြပတ်ဝန်းကျင် ပေါ်ထွန်းလာစေရန်မှာ မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံ ကိန်းပုံစံရေးဆွဲသူ ပညာရှင်များ၏ စွမ်းအားသက်သက်ဖြင့်သာ မရရှိနိုင်ဘဲ မြို့နှင့်တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်နေသူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပေသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးအနေဖြင့်လည်း မြို့ပြနှင့် ဒေသဖွံ့ဖြိုး ရေးစီမံကိန်းပုံစံရေးဆွဲခြင်း၏ အရေးပါအရာရောက်မှုကို သိရှိနားလည်ကာ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်သော မြို့ပြသာယာဝပြောရေးအတွက် မြို့ပြဧရိယာများ စီမံခန့်ခွဲရေးကို ဦးစားပေးပူးပေါင်း ဆောင်ရွက်သင့်ပါသည်။

သာယာချမ်းမြေ့ တိုးတက်ဖွံ့ဖြိုးကောင်းမွန်သော မြို့ပြတည်ထောင်ခြင်းမှအစပြု၍ သာယာ ချမ်းမြေ့တိုးတက်ဖွံ့ဖြိုးကောင်းမွန်သောနိုင်ငံ၊ ထိုမှ တစ်ဆင့် ကမ္ဘာကြီးသည်လည်း ပိုမိုသာယာ ပျော်ရွှင်ကျန်းမာပြီး ပိုမိုနေချင့်စဖွယ်ကောင်းသော ကမ္ဘာကြီးဖြစ်လာပါလိမ့်မည်ဟု တင်ပြရင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့မြို့ကြီးများနေ့ကို ဂုဏ်ပြုအပ်ပါ သည်။    ။