မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ(၂)ထပ်ဆောင်သစ်ဖွင့်ပွဲ မယ်စဲ့မြို့၌ ကျင်းပ

မယ်စဲ့  ၂   မတ်

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ (၂)ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၁ ရက် ညနေ ၅ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

 

93355

 

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ မြို့မိမြို့ဖ ဦးခင်မောင်ဌေးတို့က မြို့နယ် ပြည်သူ့ ဆေးရုံတိုးချဲ့လူနာ(၂)ထပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်မှာစကား ပြောကြားရာတွင် ပြည်နယ်အစိုးရ အဖွဲ့အနေနှင့် အိမ်နီးချင်းနိုင်ငံများထက် မနိမ့်ကျအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများမှ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်မှုရဲ့ အသီးအပွင့်များကို ခံစားရမှာဖြစ်ကြောင်း၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပြည်သူ၊ ဌာနတို့ ဟန်ချက်ညီညီ ပူးပေါင်းဖော်ဆောင်ခဲ့သဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ရကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အပြုသဘောမျိုးဖြင့် ပြုပြင်ပြောင်းလဲစေလိုကြောင်း၊ ဒီမိုကရေစီအရွေ့ကို လျှောက်လှမ်းရာတွင် အမြော်အမြင်ရှိစွာဖြင့် မှန်ကန်စွာ လျှောက်လှမ်းစေလိုကြောင်းနှင့် ဆေးရုံကြီးရေရှည်တည်တံ့ ခိုင်မြဲအောင် အားလုံး ပူးပေါင်း၍ မေတ္တာစေတနာထားကာ တက်ညီလက်ညီ၊ ဟန်ချက်ညီညီနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

 

52.

 

ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တိုးချဲ့လူနာ (၂)ထပ်ဆောင် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုးချဲ့လူနာ (၂)ထပ်ဆောင်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအက အဖွဲ့ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆေးရုံသစ်အတွင်း လှည့်လည် ကြည့်ရှုကာ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသောလူနာများအား အလှူငွေများ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

520