မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၂၉ ဇွန်

မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၈ ရက် ညနေပိုင်းက  မိုးကုတ်မြို့နယ်၊ ဗမွန်ကျေးရွာအုပ်စု၊ ပန်းမရဲကင်းရှေ့တွင် အမျိုးသားတစ်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မော်တော်ဆိုင်ကယ်အားလှဲချပြီး ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်အားစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,ဝ၀ဝ ကိုလည်းကောင်း၊ ယင်းနေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် မိုင်းရှူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကုန်းမြင့်သာရပ်နေ ဒေါ်သီတာသိန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၂၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၃၀၊ ငွေကျပ် ၃၆၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်နေ သိန်းရွှေ(ခ) ကိုနိုင်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂,၄၆၁ ပြား၊ ဘိန်းဖြူ ၁၀၁ ဂရမ်နှင့် ငွေကျပ်၂၁၀,ဝ၀ဝ တို့ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ မွန်းလွဲ ၁နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးတွင် ကျိုင်းနု(ခ)စိုင်းနု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၀ဝ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ၄ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းတွင် မိုးသူအောင် မောင်းနှင်ပြီး နေလင်းသိန်း(ခ)ကြွက်ကြီး လိုက်ပါလာသည့် Hino အမျိုးအစား (၁၂)ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသွားပြီး မော်တော်ယာဉ်ကိုစစ်ဆေးရှာဖွေရာ ပလတ်စတစ်ပုံး ၃၇၆ ပုံးဖြင့်ထည့်ထားသည့် ဆာလဖျူရစ် အက်စစ် ၆,၇၆၈ လီတာနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့်  ၄င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)