မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊  ၂၄  ဇန်နဝါရီ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာအနီး၊ မြစ်ကြီးနား-နမ္မတီးသွားကားလမ်းတွင် မညွန့်ခင်(ခ)ရှမ်းမ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၉၉ ကီလိုကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၂၃ ရက် နံနက် ၁၁ နာရီခွဲတွင် မိုးညှင်းမြို့၊ အောင်သပြေ ရပ်ကွက်နေ မခေါန်တောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၄၅ နှင့် ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုကိုလည်းကောင်း။ 

ထို့အတူ ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ မြို့မတံတားအနီး၌ အောင်ထွန်းဝင်း(ခ)အာရှင်း မောင်းနှင်လာသော မော်တော်ယာဉ်နှင့်အတူ အာမင် မောင်းနှင်ပြီး အောင်ဝင်း နှင့် မစုစုခိုင် တို့ လိုက်ပါလာသည့် မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာ ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၄,၅၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် မသင်္ကာဖွယ် တွေ့ရှိသူ နိုင်လင်းထွန်း(ခ) ဘာဘူ အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ သိမ်းဆည်းရမိခဲ့သဖြင့် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ၎င်းနေထိုင်သည့် အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၅/၄၅၃-ခ)၊ အခန်း(၇)သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀၊ ဆေးခြောက် သုည ဒသမ ၀၁၂ ကီလို၊ အိုက်စ် သုည ဒသမ ၀၅ ကီလိုနှင့် ဘိန်းဖြူ သုည ဒသမ ၀၈၆ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၃ နာရီ မိနစ် ၄၀ တွင် အဆိုပါနေအိမ်ရှေ့သို့ ရောက်ရှိလာသည့် ဣန္ဒဟန်(ခ)ဣန္ဒ မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၆,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)