မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၃၁   ဩဂုတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီက ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအုပ်စု၊ ချောင်းဂွကျေးရွာ၊ ချောင်းဂွပူးပေါင်း စစ်ဆေး ရေးဂိတ်တွင် ကျော်နိုင်လင်း မောင်းနှင်ပြီး ထွန်းတင် လိုက်ပါလာသော PROBOX အမျိုး အစားမော်တော်ယာဉ်နှင့် ကျော်တင်(ခ)ကျော်ဌေး မောင်းနှင်ပြီး လှမောင်စော၊ မောင်သန်းတင် တို့ လိုက်ပါလာသော MARK II အမျိုးအစားမော်တော်ယာဉ်တို့အား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ကသာခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကသာမြို့နယ်၊ အင်းကြီးကျေးရွာအုပ်စု၊ လှေဘိုကျေးရွာနေ မွှေးအောင်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇,၉၈၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ တစ်ရွာတည်းနေ မင်းအောင်၏ နေအိမ်အား ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၄၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉,၅၀၀ တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

           

ထို့အတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၊ သာကေတရပ်ကွက်တွင် ရန်ပိုင်ဦး မောင်းနှင်ပြီး မညိုညိုနှင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ညိုညိုနှင်း ကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉,၈၅၀ ကိုလည်းကောင်း ၊      အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် Express အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် သော်သော်ဇင်(ခ) သော်ဇင်သန့်၏ သေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း။

             

ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ်၊ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင့်နွယ်ကျေးရွာအနီး၊ မိုးမိတ်-မိုးကုတ်သွား ကားလမ်းတွင် မနီလာခိုင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ  အဆိုပါနေရာ၌ မဇင်မာ အား မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

 (သတင်းစဉ်)