မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၄  နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက အင်းတော်မြို့နယ်၊ ထီးချိုင့်-ကျောင်းကုန်းသွားကားလမ်း၊ မိုင်တိုင်အမှတ် (၁/၁)တွင် နော်မျိုးရိန် မောင်းနှင်ပြီး ဘောက်လာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅,၃၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ အလားတူ အဆိုပါနေရာ၌ ဇော်ဒန်အောင်(ခ)ကိုဇော် မောင်းနှင်လာသည့် NISSAN SALOON အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ဝ၅ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၂,၆၅၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက် ၇ နာရီက မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်၊ နယ်မြေ(၁၀)၊ သီတာလမ်းနေ တင်နိုင်မင်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၇ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ သီတာလမ်းနေ နေရဲလင်း(ခ)ကိုရဲ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၆၀ သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်လုံကျေးရွာအုပ်စု၊ လွယ်စတုံ(အပေါ်)ကျေးရွာနေ မစန်းစန်းအေး၏ နေအိမ်တဲကိုရှာဖွေရာ တဲအတွင်းကွပ်ပျစ်ပေါ်မှ  စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ ပြားနှင့် ထိုင်းနိုင်ငံသုံးငွေ ဘတ် ၅၄၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ညနေ ၆ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာအနီး၊ မိုင်းဆတ်- တာချီလိတ် ကားလမ်းမပေါ်တွင် ယာဘာ မောင်းနှင်လာသည့် REVO မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁,ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN