မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀  ဇူလိုင်

မူးယစ်တပ်ဖွဲ့စု (၁) ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲက မိုးမောက်မြို့နယ်၊ ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဖြိုးဝေအောင် (ခ) ဇီလေး မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၅၄၀ တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၅၄ ကီလို၊ ငွေကျပ် ၁၅၀ဝ၀ဝ လက်ကိုင်ဖုန်း ၂ လုံးနှင့် ATM ကတ် ၂ ခုတို့ကိုသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု (၃၃) ထားဝယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်နေ သန့်ဇင်မျိုး (ခ) နှုတ်ခမ်းမွှေး ၏ နေအိမ်ကို ရှာဖွေရာ ၎င်းမှာထွက်ပြေးသွားပြီး ဇနီးဖြစ်သူ မအိအိမြတ်နိုး (ခ) နိုးနိုး အား တွေ့ရှိသဖြင့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို လည်းကောင်း။

ထို့အတူ မွန်းတည့် ၁၂ နာရီတွင် တပ်မတော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာအုပ်စု၊ ပင်ကြိမ် (ရွာသစ်) ကျေးရွာနေ မတင်တင်မြင့်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၅ ပြားနှင့် ငွေကျပ် သုံးသိန်းတို့ကိုလည်းကောင်း။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲက  မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင် မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းတွင် မင်းဇော် (ခ) အိုက်ပီးနှင့် စိုင်းလိန်ဆိုင် တို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ကိုရဲ