မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၁ မေ
    

မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၀ ရက် ညနေ ၄ နာရီခွဲက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ၊ ကမ္ဘောဇဘဏ်အနီးတွင် ကျားခွမ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ရှိ လမ်းဆုံ၌ စောမြတ်ထွန်း (ခ) အားပူနှင့် ဒွန်းကျားဝမ်တို့အား လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်မေးချက်အရ စိတ်ကြွရူးသွပ်ဆေး ၅၆၅၅ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
    

အလားတူ မေ ၁၁ ရက် နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာ၊ ဆီဆိုင်-လွိုင်ကော်သွား ကားလမ်း၊ စက်သုံးဆီဆိုင်ရှေ့တွင် စိန်ဝင်း(ခ)တီးလို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ကိုလည်းကောင်း၊ ထို့အတူ မေ ၁၀ ရက် ည ၇ နာရီက မူးယစ်တပ်ဖွဲ့စု(၃၁)ဘားအံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ခယား(အတွင်း)ကျေးရွာ၊ အမှတ်(၆)ရပ်ကွက်၊ သုသပန်လမ်းရှိ မော်တော်ဆိုင်ကယ် ပြုပြင်ရေးဆိုင်ကိုရှာဖွေရာ နေမြင့်အောင်၊ ကျော်စိုးနှင့် စံထွန်းတို့အား တွေ့ရှိပြီး နေမြင့်အောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၊ ဆိုင်ကယ်(ပျက်)၏ ဆီတိုင်ကီအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀ဝ၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ မိုးကုတ်-ထုံးဘိုသွားကားလမ်း၊ ကြက်နှဖကျေးရွာအဝင်ရှိ တောစပ်တွင် ဇီသားအားရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၉၆၀ဝ ကိုလည်းကောင်း၊ ထို့အတူ လားရှိုးခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၇)ရပ်ကွက်၊ အောင်သပြေလမ်းနှင့် ဇေယျာလမ်းထောင့်တွင် အောင်မျိုးမင်း(ခ) အဒူလာဟမ်းအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၀ နှင့် မြန်မာငွေကျပ် ၆၅၀ဝ၀ တို့ကိုလည်းကောင်း၊
    

အလားတူ မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-ကောင်းခါးသွားလမ်းတွင် အိုက်ဆိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ နှင့် ဘိန်းဖြူ ၁၂ ဒသမ ၅ ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 


MDN