မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


နေပြည်တော်၊ မေ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာအနီးတွင် FIELDER အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မမူပြုံးချို(ခ)ပြုံးချို နှင့် မနန်းခံဗိုလ်တို့ ၂ ဦးထံမှ ဘိန်းစိမ်း ၇ ဒသမ ၂ ကီလို ကိုလည်းကောင်း၊ အလားတူ မေ ၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ အနီးတွင် ညီညီမြင့် မောင်းနှင်ပြီး သန့်စင်ထွန်း လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာအနီးတွင် နေဝင်းထွန်း (ခ) ကိုရဲ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်