မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၂၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက် ည ၈ နာရီခွဲတွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်တွင် ကံလင်းဦး မောင်းနှင်ပြီး မမြမြနှင်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ မတ် ၂၁ ရက် နံနက် ၈ နာရီခွဲတွင် ကံမမြို့နယ်၊ ကျွန်းကလေး ကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာရှိ ၎င်းတို့၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ ကို လည်းကောင်း၊ အလားတူ မတ် ၂၂ ရက် ညနေ ၄ နာရီတွင် ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးတွင် ဇော်မင်းဦး(ခ) မင်းမင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၆ နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၂)ရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းသူရထွန်း(ခ)အာကြီး အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည‌နေ ၄ နာရီ မိနစ် ၅၀ တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လပ်ကီးလမ်းမ ပေါ်တွင် စိတ်ပြောင်းဆေးဝါးများရောင်းချခိုင်းသူ ဖြိုးဝေအောင်(ခ) ကိုဖြိုး အား စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်