မြို့နယ်(၆)မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၇ သြဂုတ်
    

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိလာသူ မဝါဝါထွန်း (ခ) ဝါဝါနှင့် ဒေါ်စိုးစိုးဌေး(ခ)မိငယ်တို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၃ ပြားသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မဝါဝါထွန်း(ခ)ဝါဝါ နေထိုင်သည့် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၁၇ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
    

အလားတူ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းတွင် ကျော်ကိုကိုထက်(ခ)ကိုထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၅၀ သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀ဝ  ထပ်မံသိမ်းဆည်းရမိခဲ့သည်။
    

ထို့အတူ ည ၇ နာရီက မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တောင်လယ်ကျေးရွာအနီး၊ မိုးမိတ်-တွင်းငယ်သွားကားလမ်းတွင် အာကာမင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀ဝ၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၇ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၄၇)စစ်တွေမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်ရှိ PRINCE GUEST HOUSE ၊ အခန်းအမှတ်(၂၀၈)ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၄၅ ပြား၊ ဆေးခြောက် သုည ဒသမ ၆ ဂရမ်၊ မြန်မာငွေကျပ် ၁၄၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၆ နာရီတွင် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်နေ ဟားရုံး၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၅ ပြားနှင့် စိတ်ကြွရူးသွပ်ဆေးမှုန့်  ၁၆၆ ဒသမ ၅ ဂရမ် ကိုလည်းကောင်း၊ ထို့အတူ နံနက် ၁၀ နာရီက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့(အောက်)ကျေးရွာနေ စိုးဦး၏နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၁၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 


ကိုရဲ